ကုန်သေတ္တာ(ကွန်တိန်နာ)များတင်ဆောင်သော ၁၀ ဘီးနှင့် ၁၂ ဘီးယာဉ်များသည်အာဆီယံစံနှုန်းများနှင့်မကိုက်ညီသောကြောင့်ယခုနှစ်အတွင်းဖျက်သိမ်းမည်ဖြစ်ကြောင်းသိရသည်။
မြန်မာပြည်တွင်ရှေ့ခေါင်းနှင့်နောက်တစ်ဆက်တည်းဖြစ်နေသည့်ကုန်သေတ္တာတင် ၁၀ ဘီးယာဉ်၊ ၁၂ ဘီးယာဉ်များကိုတဖြည်းဖြည်းရပ်ဆိုင်းသွားရမည်ဖြစ်သည်။
ထို့နောက်ပေ ၂၀ ရှိသည့်အတွဲယာဉ်များကိုတင်သွင်းသွားမည့်ဖြစ်ကြောင်းသိရသည်။
ယခင်က ၁၀ ဘီးယာဉ်နှင့် ၁၂ ဘီးယာဉ်အစီးရေမှာ ၂၄၀၀ ကျော်ရှိခဲ့သော်လည်းလက်ရှိတွင်အစီးရေ ၈၀၀ သာရှိကြောင်း၊ ယင်းအစီးရေ ၈၀၀ ကိုဖျက်သိမ်းပြီး အခြားအတွဲယာဉ်များကိုအရစ်ကျစနစ်ဖြင့်ငွေပေးချေရန် ဘဏ်များနှင့်ချိတ်ဆက်သော်လည်းငွေသွင်းကာလကို ၂နှစ်သာပေးသောကြောင့် လုပ်ငန်းရှင်များအခက်အခဲ ဖြစ်နေကြောင်းမြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းဥက္ကဌမှ ပြောကြားထားသည်။
ယင်းကုန်တင်ယာဉ်များကိုအရစ်ကျဝယ်နိုင်ရန်အပြင်အသေးစားအလတ်စားလုပ်ငန်းချေးငွေရရှိစေရန်သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်းနေကြောင်း၊ပေ၂၀ရှိသောအတွဲယာဉ်များကိုဝယ်ယူရာတွင်လည်းသုံးပြီးသားယာဉ်တစ်စီးကိုကျပ်သိန်း၅၀၀နှင့်ဝယ်ယူရမည်ဖြစ်ပြီးအသစ်ကိုဝယ်ပါကကျပ်သိန်းတစ်ထောင်ကျော်ပေးရမည်ဖြစ် ကြောင်းသိရသည်။
အိမ်နီးချင်းနိုင်ငံများတွင်ကုန်သေတ္တာယာဉ်အစီးရေမှာနှစ်စဉ်တိုးလျှက်ရှိသောကြောင့်မြန်မာနိုင်ငံတွင်လည်းယခုနှစ်အတွင်းကုန်သေတ္တာယာဉ်အစီးရေတစ်သန်းကျော်ရှိလာမည်ဟု မျှော်လင့်ထားကြောင်းသိရသည်။