ဝယ်လက် ပျောက်နေသော ကားဈေးကွက်နှင့် ကားဈေးနှုန်းများ


ပြောင်းလဲကောက်ခံမည့် အခွန်အကောက်ဥပဒေသစ်ကလည်း မထုတ်ပြန်သေးသည့်အတွက် ဈေးကွက်ငြိမ်သက်လျက်ရှိနေပါသည်။

ထို့အပြင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများလည်းရှိသောကြောင့် ဝယ်လက်ပျောက်နေကာ ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ခြောက်ကပ်ကပ်ဖြစ်နေပါသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပမှ တင်သွင်းလားသည့် ကားများနှင့် ပြည်တွင်းထုတ်ကားများကို ဝင်ငွေခွန်ကောက်ခံရာ၌ ကျပ်သိန်းသုံးရာအထိ ကားများကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၁ ကျပ်မှ သိန်းတစ်ထောင်အထိကားများကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင်အထက်ကားများကို ၃၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာ လာမည့်ဘဏ္ဍာနှစ်တွင် တန်ဖိုးမခွဲခြားဘဲ ၃ ရာခိုင်နှုန်းသာ ကောက်ခံမည့်ဟု သတင်းများ ထွက်ပေါ်နေသည်။

အခွန်အကောက်ဥပဒေကြမ်းအရ ဝင်ငွေခွန်များလျှော့ပေါ့ကောက်ခံပါက တန်ဖိုးအပေါ်မူတည်ပြီး ပေးဆောင်ရမည့် အခွန်နှုန်းထားများ လျော့န်ညးသွားမည်ဖြစ်ရာ ယင်းအပြောင်းအလဲကို စောင့်ကြည့်နေ ကြသောကြောင့် ဈေးကွက်အေးစက်သွားခြင်းဖြစ်ကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဧပြီလမှ စတင်ကျင့်သုံးမည့် YVQC စနစ်တွင် ကားအစီးရေ ကန့်သတ်မထားဘဲ အင်ဂျင်ပါဝါအလိုက် သတ်မှတ်ပြီး ၁၆၀၀ စီစီအထိ ကားများကို ကျပ်သိန်း သုံးဆယ်၊ ၁၆၀၁ စီစီမှ ၃၀၀၀ စီစီအထိ ကားများကို ကျပ်သိန်းခြောက်ဆယ်နှင့် ၃၀၀၀ စီစီအထက်ကားများကို ကျပ်သိန်းကိုးဆယ် ကောက်ခံမည်ဟု မူကြမ်းရေးဆွဲထားသည်။

နယ်လိုင်စင်ကားများကိုမူ စတင်ခွင့်ပြုသည့် တစ်နှစ်အတွင်း ရန်ကုန်လိပ်စာ ပြောင်းခွင့်ပေးမည် မဟုတ် သကဲ့သို့ မြို့ဝင်ကြေးများလည်း ပြန်လည်ကောက်ခံမည်ဟုသိရပါသည်။

ထိုပြင် ထုတ်လုပ်မှု သက်တမ်း နှစ်နှစ်ဆယ်ပြည့်ကားများကို နှစ်လဲသက်တမ်းတိုး မှတ်ပုံတင်ကြေး တိုးမြင့်ကောက်ခံရန် စီစဉ်နေသဖြင့် နယ်လိုင်စင်ကားများနှင့် သက်တမ်းနှစ်နှစ်ဆယ်ပြည့် ကားများမှာလည်း အရောင်းအဝယ်ငြိမ်သက်သွားခဲ့ပါသည်။

ကားအရောင်းအဝယ်များ အေးစက်နေသည့်အချိန်တွင် စလစ်ဈေးများလည်း တန့်နေရာ ရန်ကုန်လိုင်စင် သက်တမ်းနှစ်နှစ်ဆယ် စလစ်သည် ကျပ် ၁၂၇ သိန်း၊ နယ်လိုင်စင်သက်တမ်း နှစ်နှစ်ဆယ်စလစ်သည် ကျပ် ၁၁၅ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ်သိန်း ၁၁၀ ဝန်းကျင်များတွင် ငြိမ်သက်နေကြပါသည်။

YVQC စနစ်ကျင့်သုံးပါက ကားဈေးကွက်နှင့်အတူ အပ်ကားများလည်း အပြောင်းအလဲဖြစ်ပေါ်လာနိုင်ရန် ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့် တင်သွင်းထားသည့် ညာမောင်းကားများကို ရန်ကုန်လိုင်စင်ပေး မပေးအပေါ်မူတည်ပြီး စလစ်ဈေးကွက်လည်း အပြောင်းအလဲဖြစ်လာနိုင်မည်ဖြစ်ကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြပါသည်။

ကားဈေးနှုန်းများ

စဉ်     ကားအမျိုးအမည်    နံပါတ်    မိုဒယ်    ဈေးနှုန်း
၁ Toyota Hilux Vigo MDY 2012 295
၂ Honda Insight MDY 2010 215
၃ Toyota Mark II YGN 2003 200
၄ Suzuki Swift ယာယီ 2011 220
၅ Toyota Probox MDY 2007 130
၆ Toyota Ractis YGN 2011 185
၇ Toyota Hiace YGN 2007 398
၈ Toyota Alphard YGN 2003 365
၉ Honda Fit GK3 ယာယီ 2014 265
၁၀ Toyota Fielder YGN 2010 280

 

Read 1048 times