၁၆ စီး မီးလောင်ပြီးနောက် VW Group က ကားများ ပြန်ခေါ်ပြုပြင်ပေးလျက်ရှိ
VW Group က လောလောဆယ်မှာ ကမ္ဘာတစ်လွှားမှ ၎င်းရဲ့ Plug-in Hybrid အမျိုးအစား ကားစီးရေ ၁ သိန်းကျော်ကို မီးဘေးအန္တရာယ် ရှိနေတာကြောင့် ပြန်ခေါ်ယူပြီး ပြုပြင်ပေးနေပါတယ်။ Volkswagen Group လက်အောက်မှ Audi, Seat, Skoda , VW အစရှိတဲ့ brand များရဲ့ ကားမော်ဒယ်တွေ အကျုံးဝင်ပါတယ်။
လောလောဆယ် သိထားရသမျှစာရင်းမှာ Volkswagen VW brand ဖြစ်ကြတဲ့ Passat, Golf, Tiguan, Arteon တို့ရဲ့ မော်ဒယ်များ ပါဝင်ပြီး စီးရေ ၄၂,၃၀၀ ရှိပါတယ်။
Audi စီးရေ ၂၄,၄၀၀ ပါဝင်ပါတယ်။
Seat နှင့် Skoda တို့က စီးရေ မသိကြရသေးပါဘူး။
ပြဿနာက plug-in hybrid မော်ဒယ်တွေမှာ သုံးစွဲတဲ့ ဗို့အားမြင့် ဘက်ထရီ အကာ အရည်အသွေး မပြည့်မီတဲ့အတွက်ကြောင့် ဘက်ထရီကို သုံးစွဲနေချိန် ပူတက်လာတဲ့အခါ အပူကို ထိထိမိမိ မကာပေးထားတဲ့အတွက် မီးထလောင်ပါတယ်။ plug-in hybrid တွေက ဘက်ထရီပါဝါနှင့် ဓာတ်ဆီပါဝါ တွဲသုံးတဲ့အတွက် တကယ်လို့ မီးက ဓာတ်ဆီကို ကူးစက်လောင်ကျွမ်းမယ့်အရေးက အန္တရာယ်ကြီးမားပါတယ်။ ဂျာမနီမှာ မီးထလောင်တာ ၁၆ ကြိမ် ြဖစ်ပွားခဲ့ပြီးပါပြီ။
plug-in hybrid ကားတွေမှာ တပ်ဆင်ပေးထားတဲ့ ဖြူးစ်တစ်ခုက မှားယွင်းနေတဲ့အတွက် ဗို့အားအလွန်အကျွံ ဖြစ်လာတဲ့အခါ ဖြူးစ်မပြတ်တဲ့အတွက် ဘက်ထရီ အပူချိန်တက်တာ လွန်ကဲပြီး မီးထလောင်တာဖြစ်ကြောင်း ဂျာမနီမှာ ထုတ်ဝေတဲ့ Bild မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ကီလိုမီတာ ၃၀၀ သာ မောင်းနှင်ရသေးတဲ့ နှစ်ရက်သက်တမ်းရှိ plug-in hybrid Golf GTE ကားအသစ်ကျပ်ချွတ်တစ်စီး မီးလောင်ခဲ့ပါတယ်။
ကားတစ်စီးဝင်ဆန့်တဲ့ သတ္တုကန်တစ်ခုထဲ မီးလောင်နေတဲ့ကားကို ထည့်ပြီး အမြှုပ်ရည်ထဲနှစ်၍ မီးသတ်ပေးဖို့ စီစဉ်ခဲ့ကြပြီး မီးသတ်ခဲ့ကြရပါတယ်။
မီးငြိမ်းပြီးမှ ဘက်ထရီက မီးထထလောင်တာ ၂ ကြိမ်ကြုံရပါတယ်။