ဗီယက်နမ် VinFast က အမေရိကန်မှာ ရှယ်ယာရောင်းချရန် စီစဉ်


ဗီယက်နမ် VinFast က အမေရိကန်မှာ ရှယ်ယာရောင်းချရန် စီစဉ်

ဗီယက်နမ်မှာ ကားထုတ်လုပ်ရေးလုပ်ငန်း VinFast က ၎င်းရဲ့ စင်ကာပူအခြေစိုက် ဦးပိုင်ကုမ္ပဏီအမည်ဖြင့် အမေရိကန်မှာ လူအများတို့ကို ရှယ်ယာများ initial public offering (IPO) ရောင်းချပြီး အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ်သို့ ပြောင်းလဲမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ရှယ်ယာများ ရောင်းချလို့ ရရှိလာတဲ့ အရင်းအနှီးကို အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ အမေရိကန်ဒေါ်လာ ၄ ဘီလျံ သုံးစွဲပြီး တည်ဆောက်မယ့် စက်ရုံမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ 
ရှယ်ယာပမာဏာနှင့် အခြေခံဈေးနှုန်းတို့ကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ VinFast စီအီးအို Le Thi Thu Thuy  က ပြောကြားခဲ့ပါတယ်။


Vinfast ရဲ့ ရှယ်ယာများ ဈေးနှုန်း မသတ်မှတ်ရသေးသော်လည်း ဈေးကွက်တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၀ ဘီလျံခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ 


သတင်းစာ ရှင်းလင်းပွဲမှာ VinFast ရဲ့ ဘက်ထရီစွမ်းအင်သုံး VF8 SUV ကိုလည်း ပြသခဲ့ပါတယ်။ 
Tesla SUV က အမေရိကန်ဒေါ်လာ ၆၃,၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေချိန်မှာ 
VinFast ရဲ့  VF8 SUV  ကို အခြေခံဈေးနှုန်း အမေရိကန်ဒေါ်လာ ၄၁,၀၀၀ ဖြင့် ရောင်းချပြီး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အမေရိကန်မှာ ဆောက်လုပ်မယ့် စက်ရုံမှာ SUV များအပြင် လျှပ်စစ်ဘတ်စ်များ၊ လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီများကိုလည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 


VinFast က ဂျာမနီနိုင်ငံမှာလည်း စက်ရုံတစ်ရုံ ထူထောင်ဖို့အတွက် နေရာရွေးချယ်နေကြောင်း ၂၀၂၂ ဇန်နဝါရီလတုန်းက ပြောကြားခဲ့ပါတယ်။

VinFast က ကားတစ်စီးလုံး ဒီဇိုင်းထုတ်သည်မှအစ ကားထုတ်လုပ်သည်အထိ လုပ်ကိုင်တဲ့ ဗီယက်နမ်နိုင်ငံရဲ့  တစ်ခုတည်းသော ကားထုတ်လုပ်ရေးလုပ်ငန်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကားများ စတင်ထုတ်လုပ်ခဲ့ပြီး ယခု ၂၀၂၂ မှာ အပြည့်အဝလျှပ်စစ်ကားစစ်စစ်တွေကိုသာ ထုတ်လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

Read 775 times