ဗီယက်နမ် VinFast ပထမဆုံး အီးဗီ စတင်ရောင်းချ


ဗီယက်နမ် VinFast ပထမဆုံး အီးဗီ စတင်ရောင်းချ

ဗီယက်နမ်မှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း VinFast က ၎င်းရဲ့ ပထမဦးဆုံး လျှပ်စစ်မော်တော်ကားများကို စတင်ရောင်းချပါတယ်။ ဗီယက်နမ်နိုင်ငံအနေဖြင့်လည်း ပြည်တွင်းမှာ အပြည့်အဝ ထုတ်လုပ်တဲ့ အီးဗီကို ပထမဆုံး ရောင်းချတာ ဖြစ်ပါတယ်။ 

ဗီယက်နမ် ကုမ္ပဏီစုကြီး Vingroup ရဲ့ လက်အောက်မှ VinFast က ကြိုတင်အမှာစာ ရရှိထားတဲ့ မော်တော်ယာဉ်အရောင်းများအနက် အစီး ၁၀၀ ခန့်ကို ဒီဇင်ဘာလကုန်မှာ စတင်ပေးအပ်ခဲ့ပါတယ်။

လျှပ်စစ် SUV (sport utility vehicle) အမျိုးအစား ဖြစ်ပြီး ရောင်းဈေး ဗီယက်နမ်ဒေါင် သန်း ၆၉၀ (ကန်ဒေါ်လာ ၃၀,၂၀၀) ဖြစ်ပါတယ်။ ခရီးတာ ၃၀၀ ကီလိုမီတာအထိ သွားနိုင်တဲ့လျှပ်စစ်ကားများ ဖြစ်ပါတယ်။ 
အစီအစဉ်အရ VinFast က ဇန်နဝါရီလကုန်မှာ နောက်ထပ် စီးရေ ၂,၀၀၀ ကို ပေးအပ်မှာ ဖြစ်ပါတယ်။ လောလောဆယ် ကြိုတင်အဝယ် စီးရေ ၂၅,၀၀၀ ခန့် ရရှိထားပြီး ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နဲ့ဥရောပ ဈေးကွက်နှစ်ခုအတွင်း လျှပ်စစ် SUV များ စတင်ရောင်းချနိုင်ဖို့အတွက်လည်း ဆောင်ရွက်လျက် ရှိပါတယ်။ 

Vingroup က မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍထဲသို့ ၂၀၁၉ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ပါတယ်။ Haiphong မြို့မှာ တစ်နှစ်လျှင် ကားစီးရေ ၂၅၀,၀၀၀ ထုတ်လုပ်နိုင်တ့ဲ ကားစက်ရုံတစ်ရုံဖြင့် စတင်ခဲ့တာ ဖြစ်ပါတယ်။ 
၂၀၂၁ ခုနှစ် ပထမ ၁၁ လတာအတွင်း ဓာတ်ဆီအင်ဂျင် မော်တော်ယာဉ် စီးရေ ၃၃,၀၀၀ ခန့် ရောင်းချခဲ့ပါတယ်။ 


လျှပ်စစ် SUV မော်ဒယ်နှစ်မျိုး  VF e35 နဲ့  VF e36 တို့ကို ပြည်တွင်းသာမက ပြည်ပမှလည်း မှာကြားနိုင်ကြောင်း။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက် ဗီယက်နမ်စံတော်ချိန် ၈ နာရီမှစ၍ ပြည်ပမှ  ကြိုတင်အမှာစာများကို  လက်ခံပေးမှာ ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

Read 4641 times