ကားဘီးတွင် ဘီးခွေ၊ တာယာနှင့် ကျွတ်ဆိုပြီး တွဲလုံးများ ရှိခဲ့ရာမှ ယခုခေတ်အချိန်အခါတွင် ကျွတ်မပါသော ဘီးခေတ်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။
လေကို ကျွတ်ထဲ အလုံပိတ်မသိမ်းတော့ဘဲ တာယာထဲတွင်သာ သိမ်းပေးထားလိုက်ကြခြင်းဖြစ်ပါသည်။ ထိုကြောင့် ကျွတ်ပါသော တာယာကဲ့သို့ ဘီးပေါက်သည်ဆိုသော သဘောတရားမှာ ရှိနေအုံးမည်ဖြစ်ပါသည်။
မက်ရှီလင်တာယာလုပ်ငန်းက ဘီးခွေနှင့် တာယာပေါင်းဖက်မှုတွင် ခြေလှမ်းသစ်ကို လှမ်းခဲ့ပါသည်။ ထိုခြေလှမ်းမှာ ကျွတ်မဲ့တာယာမဟုတ်ဘဲ လေမဲ့တာယာဖြစ်ပါသည်။ ထိုကြောင့် လေမဲ့တာယာတွင် ဘီးပေါက်သည်ဆိုသော သဘောတရားမှာ ပျောက်ကွယ်ခဲ့ပါသည်။ ထိုတာယာ၏ အမည်မှာ ဘီးကို ဝှီးလ် wheel ဟုခေါ်ကြသည်ကို အစွဲပြု၍ တွီး Tweel ဟု အမည်ပေးထားပါသည်။
တာယာပန်းသားကို စမုတ်တံအဖြစ် တာဝန်ယူထားသော ရာဘာစမုတ်တံမျာက ထောက်ကန်ပေးပြီး အတွင်းတွင် ဘီးခွေကို အထိုင်ချထားသည်။ တာယာပန်းသားဖြစ်သော အပြင်ခွေက ဖိအားဒဏ်ကို ခံယူပြီး (သာမန်ပန်းသားများတွင် ဘီးထဲတွင်ရှိသောလေက ခံယူပါသည်။) ဆောင့်သည့်ဒဏ်ကို စမုတ်တံက စုပ်ယူပေးသည်။
ဘီးမပေါက်သည့် ဘီးဖြစ်နေသည့်အတွက် စပယ်ယာဘီးဟုခေါ်သော ဘီးအပိုလည်း သယ်ဆောင်နေစရာမလိုအပ်ပေ။
ကောင်းသည့်အချက်များရှိသကဲ့သို့ ချွတ်ယွင်းချက်များလည်း ရှိနေသဖြင့် တန်းမြင့်ကားထုတ်သောသူများက အသုံးမပြုကြချေ။ ထိုချွတ်ယွင်းချက်တစ်ခုမှာ လမ်းသားပေါ်ပြေးသည့်အခါ လမ်းသားက ချိုင့်များ၊ ခုံးများ ရှိနေလျှင် ကားဆောင့်၍ ကိုယ်ထည်လှုပ်ခြင်းသည် ကြမ်းသောကြောင့်ဖြစ်ပါသည်။ အရှိန်တင်ပြီး မောင်းသည့်အခါ တုန်ခါမှုကြိးပြီး ဘီးသံက တဗျတ်ဗျတ်နှင့် ဆူညံလှပါသည်။
ထို့ကြောင့် အိမ်သုံးကားများ၊ ဇိမ်ခံကားများအတွက် အသုံးတွင်ကျယ်အုံးမည်မဟုတ်သေးဘဲ အကြမ်းသုံးသော ကားများ၊ ယန္တရားများအတွက် အဆင်ပြေလှပါသည်။
ကောင်းချက်များမှာ ထုတ်လုပ်မှုစရိတ် သက်သာပြီး ရေဒီယယ်တာယာက ပန်းသားကုန်လျှင် ပေါင်းတင်ပြီး ပန်းသားပြန်တင်ရန်မလွယ်သော်လည်း တွီးမှာ ပေါင်းပြန်တင်၍ရပါသည်။
ပစ္စည်းအဟောင်းကို ပြန်လည်သုံးစွဲခြင်းက မြေကမ္ဘာ စိမ်းလန်းစေရေးနှင့် ကမ္ဘာပျက်ကိန်းမဆိုက်စေရေးအတွက် မပါမဖြစ် ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်ပါသည်။