၂၀၃၀ ခုနှစ်တွင် Truss-Braced Airliner လေယာဉ်များကို စတင် ရောင်းချနိုင်ရန် Boeing မျှော်မှန်း


NASA နှင့် အမေရိကန် လေယာဉ်အစိတ်အပိုင်း ထုတ်လုပ်သည့် ကုမ္ပဏီကြီး Boeing သည် ဇူလိုင်လ (၂၅) ရက်နေ့တွင် EAA AirVenture Oshkosh ၌ ထောက်အထိန်းပါ တောင်ပံ ( Truss-Braced Airliner ) ဖြင့် တည်ဆောက်ထားသည့် X-66A လေယာဉ်ကို စမ်းသပ် မောင်းနှင်ပြခဲ့သည်။

 

X-66A ဟု အမည်ပေးထားသော စမ်းသပ်လေယာဉ်ကို ယခုနှစ် ဇန်နဝါရီလတွင် တီထွင်ရန်အတွက် NASA က Boeing ကို ရွေးချယ်ခဲ့ပြီး Boeing အပါအဝင် တခြားသော စီးပွားရေးမိတ်ဖက်များကြောင့် စီမံကိန်းအတွက် မျှော်မှန်းထားသည့် ဒေါ်လာ (၁.၁၅) ဘီလီယံစား ဒေါ်လာ (၄၂၅) သန်းသာ ကုန်ကျခဲ့သည်ဟု ဆိုသည်။ 

 

Boeing သည် အဆိုပါလေယာဉ်ကို ၎င်း၏ ဖွဲ့စည်းပုံအဖြစ် MD-90 လေယာဉ်ကိုယ်ထည်ကို အသုံးပြု၍ တီထွင်နေပြီး NASA အနေဖြင့် လာမည့် ၂၀၂၈ ခုနှစ်တွင် စတင် ပျံသန်းနိုင်ရန် မျှော်မှန်းထားသည်။

 

Boeing သည် 737 အစားထိုးအနေဖြင့် X-66A လေယာဉ်သစ်ကို ၂၀၃၀ ခုနှစ် အလယ်ပိုင်းတွင် ဈေးကွက်သို့ သယ်ဆောင်လာရန် ရည်ရွယ်ထားပြီး CEO ဖြစ်သူ Calhoun က (၂၅) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ သိသိသာသာ ဆီစားသက်သာစေရမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

 

" ကျွန်တော်တို့ ဒီနည်းပညာကို သက်သေပြဖို့ ရည်ရွယ်ထားပါတယ်။ ဈေးကွက်ထဲကို ပို့ဆောင်ပေးနိုင်မယ့် အရာတွေကို ကျွန်တော်တို့ နှစ်သက်ပါတယ်။ " ဟု ၎င်းက ထပ်လောင်း ပြောသည်။ 

 

Boeing ၏ နောက်ထပ် ထွက်ရှိလာမည့် လေယာဉ်ဒီဇိုင်းသည် မည်ကဲ့သို့ ဖြစ်မည် မရေရာသေးသော်လည်း ကုမ္ပဏီသည် “ Transonic Truss-Braced Wing” ဟု ခေါ်သည့် သဘောတရားကို ထည့်သွင်း အသုံးပြု၍ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

ဆိုလိုသည်မှာ လေယာဉ်၏ အတောင်ပံကို ကိုယ်ထည်ပေါ်တွင် တပ်ဆင်ထားပြီး ယင်းတောင်ပံများသည် လက်ရှိ သမားရိုးကျ လေယာဉ်များတွင် ပါရှိသော တောင်ပံများထက် ပို ပါးလွှာကာ အချိုးအစား ပိုကြီးမည် ဖြစ်သည်။

 

Advertisement

Myanmar Inspection & Technology

 

Truss-Braced Wing လေယာဉ်ကို ပိုကြီးသော Turbofans (သို့မဟုတ်)  Open-Rotor Engine ဖြင့် မောင်းနှင်နိုင်ပြီး လက်ရှိ ကျဉ်းမြောင်းသော အင်ဂျင်ကိုယ်ထည်များထက်လည်း ပိုမို ကျယ်ဝန်းကာ လေယာဉ်၏ တောင်ပံများ တပ်ဆင်ထားသော မြင့်မားသော ပုံစံကြောင့် လိုအပ်သော ဓာတ်အားပေးရေး Powerplant များအတွက်လည်း အလုံအလောက် နေရာချန်ထားနိုင်မည် ဖြစ်သည်။

 

ပြင်သစ်- အမေရိကန် အာကာသယာဉ်ကုမ္ပဏီတစ်ခု ဖြစ်သည့် CFM International သည် ၎င်း၏ Sustainable Engines Programme အရ Open-Rotor Engine များကို (၂၀) ရာခိုင်နှုန်း ပိုမို စွမ်းဆောင်ရည် မြင့်တက်စေရန်အတွက် စွမ်းအင်သုံးစက်ရုံတစ်ခုကို တီထွင် လုပ်ဆောင်လျက် ရှိသည်။

 

အဆိုပါ ထောက်အထိန်းပါ တောင်ပံသည် အင်ဂျင်ကိုယ်ထည် ကျဉ်းမြောင်းသော လေယာဉ်များကို (၁၀) ရာခိုင်နှုန်း ပိုမို စွမ်းရည်မြင့်တက်အောင် ပြုလုပ်နိုင်ပြီး အခြားနည်းပညာများ ( အဆင့်မြင့်အင်ဂျင်များကဲ့သို့ ) ဖြင့် (၃၀) ရာခိုင်နှုန်းထိ စွမ်းဆောင်ရည် မြင့်တက်စေရန် လုပ်ဆောင်နိုင်သည်ဟု NASA မှ ပြောကြားခဲ့သည်။

 

X-66A ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် NASA ၏ Sustainable Flight Demonstrator Program တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လောင်စာဆီသုံးစွဲမှုကို လျှော့ချနိုင်မည့် လေယာဉ်ဒီဇိုင်းများနှင့် နည်းပညာများ ရရှိရန် ကြိုးပမ်း ဆောင်ရွက်မှုတစ်ခု ဖြစ်သည်။

 

Boeing သည် ထိုသို့ အလုပ်လုပ်နိုင်သော ဒီဇိုင်းကို ဖန်တီးရန်အတွက် NASA နှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်ခဲ့ပြီး ယခု စမ်းသပ် မောင်းနှင်ပြခဲ့သော ထောက်အထိန်းပါတောင်ပံ Truss-Braced Wing တည်ဆောက်ခြင်းသည် အသစ်အဆန်းတစ်ခု ဖြစ်လာသည်။ 

 

၎င်း X-66A သည် အိမ်ဖြူတော်၏ U.S. Aviation Climate Action Plan တွင် ဖော်ပြထားသော ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိစေရေး ပန်းတိုင်သို့ အမေရိကန်ပြည်ထောင်စုအား ရောက်ရှိနိုင်ရန် ကူညီပေးရာတွင် အထူးအာရုံစိုက်ထားသည့် ပထမဆုံး X-လေယာဉ်လည်း ဖြစ်သည်။

Read 324 times