အမေရိကန်တွင် ထရပ်ကားယာဉ်မောင်းများ မလုံလောက်


အမေရိကန်တွင် ထရပ်ကားယာဉ်မောင်းများ ပိုမို ရှားပါးလာခြင်းကြောင့် ယင်းလုပ်ငန်းခွင်တွင် ဝန်ထမ်းခေါ်ယူမှုပိုမိုများပြားလာသလို လစာများလည်း ဆက်တိုက် မြင့်တက်နေသောကြောင့် ‌အမေရိကန်ပြည်သူများအကြား ကားမောင်းသင်ရန် စိတ်အားထက်သန် ရေပန်းစားလျက်ရှိကြောင်းသိရသည်။
တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်မှ မာရှယ်ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးမှုကွင်းဆက် ထိန်းချုပ်ရေး စင်တာ၏ အမှုဆောင် ညွှန်ကြားရေးမှူး Nick Vias က အမေရိကန်နိုင်ငံ၌ လက်ရှိတွင် ထရပ်ကားယာဉ်မောင်း ၈၀,၀၀၀ ခန့်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။  အမေရိကန်ကုန်တင်ကားလုပ်ငန်းအသင်း၏ခန့်မှန်းချက်အရ ယင်းလိုအပ်ချက်အပေါ် စီမံချက်များ မလုပ်ဆောင်လျှင် အမေရိကန်ထရပ်ကားယာဉ်မောင်းများ ပြတ်လပ်မှုသည် ၂၀၃၀ ပြည့်နှစ်တွင် ၁၆၀,၀၀၀ အထိ ရောက်ရှိလာနိုင်ကြောင်း သိရသည်။
Associated Press ၏အစီရင်ခံစာအရ ကယ်လီဖိုးနီးယားရှိ ထရပ်ကားယာဉ်မောင်းသင် လေ့ကျင့်ရေးကျောင်း၏ နှစ်စဉ်စာရင်းသွင်းမှုသည် ယခင်နှစ်ကတည်းက ၂၀ ရာခိုင်နှုန်း နီးပါးတိုးလာခဲ့ရာ ၎င်းတို့အတွက် ညပိုင်း လေ့ကျင့်ရေးသင်တန်းကိုပါ တိုးမြှင့် ဖွင့်လှစ်ထားရကြောင်းသိရသည်။
 "အမေရိကန်မှာ ပစ္စည်းအားလုံးနီးပါးကို ထရပ်ကားနဲ့ပဲသယ်ယူကြတယ်၊ပစ္စည်းတွေ သယ်နေသရွေ့တော့ ထရပ်ကားယာဉ်မောင်းတွေလိုအပ်ပါတယ်"ဟုထရပ်ကားယာဉ်မောင်းသင် လေ့ကျင့်ရေးကျောင်းက ပြောကြားခဲ့သည်။
ထရပ်ကားယာဉ်မောင်းသင် ကျောင်းသား Tieno Barry က "တစ်​ဖက်​က လူ့အဖွဲ့အစည်းအတွက်အကျိုးပြုနိုင်တယ်၊ တဖက်ကလည်း ငွေရှာနိုင်တယ် ၊ ဒါက ဘုံအကျိုးဖြစ်စေတဲ့ အ​ခြေအ​နေပဲ" ဟုဆိုသည်။
 သို့သော် ကျောင်းအပ်နှံသူဦးရေ တိုးလာသည်နှင့်အမျှ ထရပ်ကားယာဉ်မောင်းသင် လေ့ကျင့်ရေးကျောင်းတွင် ထရပ်ကားမောင်းသင်တန်းပို့ချသူဦးရေမှာ မလုံလောက်သည့် ပြဿနာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အမေရိကန် ပြည်သူအများစုသည် အခြားသူများနှင့် မကြာခဏထိတွေ့မှုလိုအပ်သော အလုပ်မှ နုတ်ထွက်ကြရာ ဆိပ်ကမ်းများ၊ စူပါမားကတ်များနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်သားရှားပါးလာကာ ထောက်ပံ့ရေးကွင်းဆက်၏တည်ငြိမ်မှုကို ထိန်းသိမ်းရန် ခက်ခဲလာကြောင်း ၊ ၎င်းတို့အနက် ထရပ်ကားယာဉ်မောင်းများ ရှားပါးမှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာမှာ အထူးဆိုးရွားနေကြောင်း၊အမေရိကန်စီးပွားရေးအစုအဖွဲ့တွင် ကုန်ပစ္စည်း၏ ၇၁ ရာခိုင်နှုန်းသည် ထရပ်ကားဖြင့်သာ သယ်ယူပို့ဆောင် ရကြောင်း၊ကုန်ပစ္စည်းများ ၀ယ်လိုအား တိုးလာသည်နှင့်အမျှ ထရပ်ကား ယာဉ်မောင်းများ လိုအပ်မှုလည်း တိုးလာကြောင်း သိရသည်။
 ထို့အပြင် ထရပ်ကား ယာဉ်မောင်း ရှားပါးမှုကြောင်း US ဆိပ်ကမ်းများ၏လည်ပတ်မှုကိုလည်းထိခိုက်စေခဲ့သည်။  အမေရိကန်တွင် ထရပ်ကား ယာဉ်မောင်းများ စံချိန်တင်ရှားပါးစဉ် US ဆိပ်ကမ်းများတွင်လည်း စံချိန်တင်ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

(XINHUA)

Read 376 times