အီးဗီကိစ္စရပ် ရေငုံနှုတ်ပိတ်ထားသူ အများစုအတွက် Toyota အကြီးအကဲက ပြောကြား


အီးဗီကိစ္စရပ် ရေငုံနှုတ်ပိတ်ထားသူ အများစုအတွက် Toyota အကြီးအကဲက ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Toyota Motor Corp. ဥက္ကဋ္ဌ Akio Toyoda က သူသည် လျှပ်စစ်ကားများကိုသာ ထုတ်လုပ်သင့်သလားဟု စိတ်ထဲ အသံတိတ် မေးခွန်းထုတ်သော်လည်း နှုတ်မှ ဖွင့်မပြောဘဲ ရေငုံနှုတ်ပိတ်ထားသည့် မော်တော်ယာဥ်လုပ်ငန်းကဏ္ဍ လူအများစုထဲတွင် သူပါဝင်နေကြောင်း ပြောကြားခဲ့သည်။
သူ့စကားက ကားကုမ္ပဏီများ မည်သို့ လျင်မြန်စွာ အီးဗီသို့ ကူးပြောင်းဖို့ ဖြစ်နိုင်မည်နည်း ဆိုသည့် သံသယနှင့် ပတ်သက်၍ စိတ်မသက်သာဖြစ်မိရခြင်း ကြီးထွားလာမှုကို ထင်ဟပ်‌နေသည်။
မော်တော်ကားထုတ်လုပ်သူများသည် အပြည့်အဝလျှပ်စစ်ကားစစ်စစ်များပေါ်တွင် ကြီးမားသော လောင်းကြေး ထပ်ထားကြရသည်။

ယခုအခါ ရရှိနိုင်သော အီးဗီမော်ဒယ်အမျိုးမျိုး အရေအတွက် နည်းပါးနေဆဲဖြစ်ပြီး  ခိုင်မာသောဝယ်လိုအားကြောင့် ရင်းနှီးမြှုပ်နှံမှုများဖြင့် အရှုံးခံပြီး ဖေးမထားကြသည်။ 
ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများလည်း တိုးလာနေပါသည်။ အစိတ်အပိုင်းများ အချိန်မီ ရရှိဖို့ မသေချာခြင်း၊ ဘက်ထရီအတွက် ကုန်ကြမ်းစရိတ် မြင့်တက်လာနေခြင်းတို့ကို ရင်ဆိုင်နေရသည်။ မြင့်တက်လာသည့် ထုတ်လုပ်ရေး ကုန်ကျစရိတ်နှင့်အညီ အီးဗီ ရောင်းဈေးများကို ဈေးနှုန်း မြင့်တင်ခဲ့ကြရသည်။ ထို့နောက် အီးဗီဈေးကွက်ထဲ ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ရရှိအောင် ဈေးပြန်ချကြရပြန်သည်။ ကားစီးသူများ အများအပြားတို့က အီးဗီကို မည်မျှမြန်မြန် ပြောင်းစီးကြမည်နည်း ဆိုသည်ကိုလည်း ပူပန်နေကြရသည်။

"မော်တော်ယာဥ်လုပ်ငန်းမှာ ပါ၀င်နေသူများတွင်  အများစုက အသံတိတ်နေကြတယ်" ဟု Mr. Toyoda က ထိုင်းနိုင်ငံတွင် ရောက်ရှိနေစဉ်တုန်းက စာနယ်ဇင်းသမားများကို ပြောကြားခဲ့သည်။

"အဲဒီ အသံတိတ်နေတဲ့ အများစုက ‘အီးဗီမှတစ်ပါး အခြားမရှိ’ ဖြစ်ဖို့ တကယ် အိုကေရဲ့လားဆိုတာ စိတ်ချလက်ချ မဖြစ်ကြဘူး။ ဒါပေမဲ့ အဲဒါက ခေတ်ရေစီးကြောင်းဖြစ်‌နေလို့ ကျယ်ကျယ်လောင်လောင် ဖွင့်ပြောလို့ မဖြစ်နိုင်ဘူးလို့ သူတို့ ထင်ကြပါတယ်" ဟု ၎င်းက ပြောကြားသည်။

General Motors ကုမ္ပဏီနှင့် Honda Motor Co., အစရှိသည့် ကားထုတ်လုပ်ရေး လုပ်ငန်းကြီးများသည် ထုတ်လုပ်သမျှ မော်ဒယ်အားလုံး အီးဗီချည်းသာ ဖြစ်နေမည့် နှစ်ကို သတ်မှတ်ထားကြသည်။
Toyota က ဘက်ထရီနှင့် အင်ဂျင် ပေါင်းစပ်သုံးစွဲသည့် ဟိုက်ဒရိုဂျင်ပါဝါနှင့် ဟိုက်ဘရစ် ကားများကိုပါ အီးဗီနှင့်အတူ စာရင်းထဲထည့်ထားပြီး ရင်းနှီးမြှုပ်နှံသွားမည့် မဟာဗျူဟာကို ကိုင်စွဲထားသည်။
အီးဗီများသည် ဈေးကြီးနေဆဲဖြစ်ပြီး အားသွင်းရန် အခြေခံအဆောက်အအုံများ တည်ဆောက်နေဆဲ ကာလတစ်လျှောက် ဟိုက်ဘရစ်သည် အရေးပါသည့် ရွေးချယ်စရာ တစ်ခုဟု ကမ္ဘာ့ကားစီးရေအများဆုံးထုတ်လုပ်သူ Toyota က အခိုင်အမာ ပြောကြားသည်။
Toyota သည် ဟိုက်ဘရစ်နည်းပညာကို တီထွင်ခဲ့ပြီး  ၁၉၉၀ ပြည့်လွန်နှစ်များတွင်  ဟိုက်ဘရစ်နည်းပညာ သုံးစွဲထားသည့် Toyota Prius ကို ထုတ်လုပ်ရောင်းချခဲ့သည်။
 ဟိုက်ဒြိုဂျင်ပါဝါဖြင့် မောင်းနှင်သော  ဓာတ်ငွေ့ထုတ်လွှတ်မှု သုည zero-emission  မော်တော်ယာဉ်များ ဖွံ့ဖြိုးရေးကိုလည်း လုပ်ဆောင်နေသည်။

"အဖြေမှန်က ဘာလဲဆိုတာ မရှင်းမလင်းဖြစ်နေသေးတဲ့အတွက် ရွေးချယ်စရာ တစ်မျိုးတည်းနဲ့ ကန့်သတ်မထားသင့်ပါဘူး"ဟု Mr. Toyoda က ပြောကြားသည်။ 
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း Mr. Toyoda က ဤအချက်ကို အစိုးရအရာရှိများအပါအဝင် ကားလုပ်ငန်းဆိုင်ရာ သက်ဆိုင်သူများထံ တင်ပြပြီး လက်ခံသဘောပေါက်ဖို့ သူကြိုးစားခဲ့သည်။ 

ကမ္ဘာ့ကားကုမ္ပဏီများသည် အီးဗီ တစ်ခုတည်းကိုသာ ထုတ်လုပ်သူ Tesla Inc ၏ အောင်မြင်မှုကြောင့် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း လျှပ်စစ်ကားများ ထုတ်လုပ်ရေးဆီသို့ ဦးလှည့်လိုက်ကြသည်။
ထိုအခါ Toyota ၊ Ford နှင့် GM ကဲ့သို့သော သမားရိုးကျ ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် အီးဗီကိုသာ သီးသန့်ထုတ်လုပ်သည့် Rivian Automotive နှင့် Lucid Group Inc. ကဲ့သို့သော လုပ်ငန်းအသစ်များမှ ပြိုင်ဆိုင်မှုအသစ်များနှင့် ရင်ဆိုင်နေရသည်။ 

တစ်ချိန်တည်းမှာပင် အစဉ်အလာကြီးမားသော မော်တော်ယာဥ်ထုတ်လုပ်သည့်ကုမ္ပဏီများသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူ အမြောက်အမြားနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ စိတ်မချရသော လျှပ်စစ်ဓာတ်အား အခြေအနေဖြင့် 
 နေထိုင်ကြသူ အမြောက်အမြားတို့၏ ကျယ်ပြန့်သော ဝယ်လက်များကို အခြေအမြစ်အဖြစ်  ရရှိထားကြသည်။
၎င်းတို့၏ ဓာတ်ဆီအင်ဂျင်ကားလုပ်ငန်းသည် အမြတ်အမြောက်အမြားကို ရရှိနေဆဲဖြစ်ပြီး အီးဗီသို့ ပြောင်းရွှေ့ရာတွင် လိုအပ်သော ရန်ပုံငွေကို ရရှိစေသည်။ လျှပ်စစ်ကား ထုတ်လုပ်ရေးသည် မော်ဒယ်အသစ်များ ဖွံ့ဖြိုးထုတ်လုပ်ရသည့်အပြင် ကားစက်ရုံများလည်း အသစ်တည်ဆောက်ရသည်။ ဘက်ထရီစက်ရုံများလည်း တည်ဆောက်ကြရသဖြင့် ကုန်ကျစရိတ် လွန်စွာကြီးမားသည်။

တစ်ချိန်တည်းတွင်ပင် လျှပ်စစ်ကားများကို အားသွင်းရန် အခြေခံအဆောက်အအုံသည်  ကမ္ဘာ့နေရာအများအပြားတွင် နည်းပါးနေသေးပြီး အီးဗီ တစ်စီးပိုင်ဆိုင်ခြင်းသည် အီးဗီသုံးစွဲသူအမျိုးအစား အမျိုးမျိုးတို့အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

နဂိုကတည်းက ဈေးကြီးနေသည့် အီးဗီဈေးနှုန်းများသည် ၂၀၂၂ တွင် ဘက်ထရီအတွက် ကုန်ကြမ်းများ ဈေးတက်သဖြင့် အီးဗီရောင်းဈေးနှုန်းများလည်း ဈေးတက်ခဲ့သည်။ သို့ဖြစ်ရာ အီးဗီဝယ်ဖို့ ငွေကြေးလက်လှမ်းမမီသူများ ပိုများသွားစေသည်။ 

ပြဿနာတစ်ရပ်မှာ အီးဗီဘက်ထရီ အရွယ်အစားဖြစ်သည်။ အရွယ်အစား ကြီးမားပြီး ဈေးကြီးနေသည်။ အရွယ်အစား ငယ်သည့် ယာဉ်များကို ဈေးသက်သက်သာသာဖြင့် ရောင်းချပေးဖို့ အလွန်ခဲယဉ်းနေစေသည်။

အီးဗီသုံးစွဲမှုသည် နေရာဒေသများအကြား၊ ဝင်ငွေအတန်းအစားများအကြား မညီမမျှ ဆက်ဖြစ်နေဦးမည်။အီးဗီ သုံးစွဲကြခြင်းနှင့်အတူ  ဓာတ်ဆီသုံး မော်ဒယ်များ၊  ဟိုက်ဘရစ် မော်ဒယ်များနှင့် ပလပ်ထိုးဟိုက်ဘရစ် မော်ဒယ်များသည် နောင်နှစ်ပေါင်းများစွာ တည်တံ့နေဦးမည်ဟု  ကားလုပ်ငန်းကဏ္ဍမှ အမှုဆောင်အရာရှိများက ပြောကြားကြသည်။

 အပြည့်အ၀လျှပ်စစ်ကားစစ်စစ် တစ်မျိုးတည်းသာ ထုတ်လုပ်ကြမည့် အနာဂတ်နှင့် ပတ်သက်၍ မစ္စတာ Toyoda သံသယဝင်ခဲ့သည်မှာ ကြာမြင့်စွာကတည်းက ဖြစ်ပြီး အခြားဂျပန်ကားလုပ်ငန်းတို့တွင်လည်း အလားတူပင် သံသယရှိနေကြသည်။

Mazda Motor Corp.  က အီးဗီသည် လေထုမညစ်ထေးဆိုသည်မှာ ၎င်းအီးဗီအတွက် လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်သည့် နည်းလမ်းအပေါ် မူတည်ကြောင်း ပြောကြားခဲ့သည်။ လေထုညစ်ညမ်းမှု ဖြစ်ပွားနေသည့် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများမှ ရသည့် လျှပ်စစ်ဓာတ်အားဖြင့် အီးဗီကို အားသွင်းနေရလျှင် အီးဗီ အသုံးပြုခြင်းကြောင့် လေထုညစ်ညမ်းမှု လျော့ကျမသွားသည့်အပြင် လေထုညစ်ညမ်းမှု ပိုများနေစေမည် ဖြစ်သည်။


လွန်ခဲ့သည့် တစ်ဆယ်နှစ်ဝန်းကျင်ကတည်းက ထုတ်လုပ်ခဲ့သော အပြည့်အဝ လျှပ်စစ်ကားမော်ဒယ် Leaf ကို ထုတ်လုပ်သည့် Nissan Motor Co. က လျှပ်စစ်ကားစစ်စစ်များအတွက် အမှန်တကယ် ဝယ်လိုအားကို စောင့်ကြည်မည်ဟု ဆိုသည်။
Source autoblog

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 361 times