အိန္ဒိယဈေးကွက်မှာ Toyota Hilux စတင်ပေးပို့


အိန္ဒိယဈေးကွက်မှာ Toyota Hilux စတင်ပေးပို့

 

အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ကြရပြီးနောက် Toyota က အိန္ဒိယဈေးကွက်တွင် Hilux ပစ်ကပ်ထရပ်ကားကို မှာကြားဝယ်ယူထားသူများထံ စတင်ပေးပို့နေပြီ ဖြစ်ပါတယ်။
Hilux ပစ်ကပ်ထရပ်အတွက် ဈေးနှုန်းများကို ၂၀၂၂ ဧပြီလမှာ ထုတ်ပြန်ကြေညာခဲ့ပြီး အမှာစာများကို စတင်လက်ခံပါတယ်။ ထို့နောက် မှာကြားဝယ်ယူတာတွေကို Toyota က ရပ်ဆိုင်းကြောင်း ကြေညာပါတယ်။ လက်ခံရရှိတဲ့ အမှာစာ အရေအတွက်က မျှော်မှန်းထားတာထက် လွန်စွာများပြားနေလို့ အခုမှ မှာကြာရင် အချိန်အကြာကြီး စောင့်ဆိုင်းကြရတော့မှာ ဖြစ်လို့ အမှာစာ လက်ခံတာကို ပိတ်ထားလိုက်ရပါတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အိန္ဒိယဈေးကွက်အတွက် Hilux ကို အရောင် ၅ မျိုးဖြင့် ထုတ်လုပ်မယ်လို့ ထုတ်ပြန်ကြေညာထားရာမှာ မှာကြားဝယ်ယူသူထံ ပထမဦးဆုံး ပေးပိုတဲ့ Hilux  က Emotional Red အရောင်ဖြစ်ပါတယ်။

 


 

အိန္ဒိယဈေးကွက် အလားတူပစ်ကပ်က Isuzu V-Cross ဖြစ်ပါတယ်။ Hilux ကို ဇိမ်ခံကား luxury အနေဖြင့် ထုတ်လုပ်တဲ့အတွက် ဈေးမြင့်ပါတယ်။ အခြေခံဈေးနှုန်းက ရူပီ ၃၃.၉၉ သိန်း ဖြစ်ပါတယ်။ (အမေရိကန်ဒေါ်လာ ၄၃,၀၀၀ ဝန်းကျင် ဖြစ်ပါတယ်) Hilux ပစ်ကပ်ကို အကြမ်းသုံး၊ လုပ်ငန်းသုံးအဖြစ် ဝယ်မယ်ဆိုရင် ဈေးကြီးနေပါတယ်။ 
ဈေးနှုန်းယှဉ်ရင် Isuzu V-Cross က အခြေခံဈေးနှုန်း ရူပီ ၁၆.၉၈ သိန်း ဖြစ်ပါတယ်။ ခေါက်ချိုးသက်သာပါတယ်။ ၂ ဘီးယက် ၄ ဘီးယက် ၂မျိုး ထုတ်လုပ်ပါတယ်။ 

 


 

Toyota Hilux က ကမ္ဘာတစ်လွှား ရေပန်းစား လူကြိုက်များပါတယ်။ အိန္ဒိယမှာလည်း လူကြိုက်များတာကြောင့် ဈေးမြင့်ပေမဲ့လည်း အမှာစာ အများအပြားလက်ခံ ရရှိခဲ့ပါတယ်။
အင်ဂျင်က ဒီဇယ်အင်ဂျင်ဖြင့်သာ ထုတ်လုပ်ပါတယ်။ ဓာတ်ဆီအင်ဂျင်ဖြင့် ထုတ်လုပ်ခြင်း မပြုပါဘူး။ 2.8-litre ဆလင်ဒါလေးလုံး ဒီဇယ်အင်ဂျင် ဖြစ်ပါတယ်။  ဂီယာက အော်တိုနဲ့ လက်ထိုး ကြိုက်ရာ ရွေးလို့ ရပါတယ်။ 4x4 လေးဘီးယက်စနစ် ဖြစ်ပြီး ကုန်းဆင်း အထောက်အကူ  downhill assist control ၊ ယာဉ်တည်ငြိမ်ရေး ထိန်းချုပ်စနစ် vehicle stability control  အပါအဝင် ထိန်းချုပ်စနစ်များ ပါဝင်ပါတယ်။
လမ်းတွေပေါ် ရေကြီးနေရင် ရေထုအမြင့် ၂၇ လက်မခွဲ (700mm)အထိ ဖြတ်မောင်းလို့ ရပါတယ်။ 

ပြင်ပကိုယ်ထည်ပိုင်းမှာ LED နောက်မီး၊ နောက်ဘန်ပါမှာ Chrome bar တစ်တန်း၊ မှန်ပေါက်အခြေ chrome ခါးပတ်လိုင်း၊ ၁၈ လက်မ အလွိုင်းခွေ စတာတွေ ပါဝင်ပါတယ်။ အတွင်းပိုင်းမှာ သားရေထည်ထိုင်ခုံများ၊ ဒရိုင်ဘာထိုင်ခုံ အနေအထား ၈ မျိုး၊ ၈ လက်မ အင်ဖိုတန်းမင့် စခရင်၊ နောက်တန်းထိုင်ခုံအတွက် လေအေး၊ ခရမ်းလွန်ရောင်ခြည် UV တားပေးတဲ့မှန်များ အစရှိသဖြင့် ပါဝင်ပါတယ်။

Read 3831 times