လျှပ်စစ်ကားမူဝါဒကို Toyota နည်းတူ BMW ကလည်း မေးခွန်းထုတ်


လျှပ်စစ်ကားမူဝါဒကို Toyota နည်းတူ BMW ကလည်း မေးခွန်းထုတ်

 


လျှပ်စစ်ကားများသာ သုံးစွဲရေး မူဝါဒကို Toyota နည်းတူ BMW ကလည်း မေးခွန်းထုတ်လိုက်ပါတယ်။
ဓာတ်ဆီနှင့် ဒီဇယ် အင်ဂျင်များ လုံးဝ ဖယ်ရှားပြီး လျှပ်စစ်ကားများကိုသာ သုံးစွဲစေမယ့် မူဝါဒကို BMW အကြီးအကဲက သတိပေးစကား ပြောကြားပါတယ်။

ကမ္ဘာ့ကားအသစ်ရောင်းချစီးရေ စုစုပေါင်းမှာ လျှပ်စစ်ကားများက အချိုးအစားပိုများများဖြင့် လာမယ့်နှစ်များမှာ ပိုမိုပါဝင်လာမှာ ဖြစ်ပါတယ်။ ကားမှ လေထုညစ်ညမ်းတဲ့ ဓာတ်ငွေ့ ထုတမလွှတ်မှုများအပေါ် တားမြစ်တဲ့ စည်းကမ်းဥပဒေများ ပိုတင်းကျပ်လာတဲ့အတွက် မီးခိုးမဲ့ လျှပ်စစ်ကားများကို ရွေးချယ်လာကြမှာ ဖြစ်ပေမဲ့ စက်သုံးဆီသုံး အင်ဂျင်ပါဝါဖြင့် မောင်းနှင်တဲ့ ကားများ ဆက်ရှိနေဖို့ လိုအပ်တယ်လို့ Toyota, Jeep, Chrysler, Alfa Romeo, Citroen, Peugeot အစရှိတဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများက အတိအလင်း ပြောကြားခဲ့ကြပြီး ယခုအခါ BMW ကလည်း ပြောကြားလိုက်ပါတယ်။
ဟိုင်းဘရစ်၊ ဓာတ်ဆီအကောင်းစား သို့မဟုတ် ဒီဇယ်အကောင်းစား သုံးစွဲတဲ့ အင်ဂျင် ပါဝါဖြင့် မောင်းနှင်တဲ့ကားများ လျှပ်စစ်ကားများနှင့် အတူ ဆက်ရှိနေသင့်တယ်လို့ ယူဆကြပါတယ်။

ယမန်နှစ်က Toyota အကြီးအကဲ Akio Toyoda က မော်တော်ယာဉ်လုပ်ငန်းကဏ္ဍရဲ့ ပန်းတိုင်က ဓာတ်ကွေ့ထုတ်လွှတ်မှုများ  လျော့နည်းစေရေးကို နည်းပညာအမျိုးမျိုးဖြင့် မဖြစ်မနေ ဆောင်ရွက်ကြဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကားဝယ်စီးသူ အမျိုးမျိုးတို့အတွက် ဈေးနှုန်းအမျိုးမျိုးတို့ဖြင့် ဆီလျော်အောင် ထုန်လုပ်ရောင်းချပေးကြရမှာ ဖြစ်ပြီး ကမ္ဘာတစ်လွှားမှ အခြေအနေချင်း မတူကြတဲ့ နိုင်ငံအသီးသီးတို့ အတွက် ဆီလျော်မယ့် ကားများ ထုတ်လုပ်ကြရမှာ ဖြစ်တယ်လို့ Akio Toyoda က ပြောကြားခဲ့ပါတယ်။

 


ယခုအခါ BMW ရဲ့ စီအီးအို Oliver Zipse ကလည်း အလားတူ သတိပေး ပြောကြားပါတယ်။ 
BMW ပိုင်ဆိုင်တဲ့ Mini ကား brand က လျှပ်စစ်ကားစစ်စစ်ကိုသာ ထုတ်လုပ်တော့မှာ ဖြစ်ပေမဲ့ အင်ဂျင်ပါဝါသုံး ကားများ ဆက်ရှိနေဖို့ လိုကြောင်း ၎င်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 
New York Auto Show မှာ နိုင်ငံတကာ မီဒီယာများနှင့် ဆွေးနွေးပြောဆိုစဉ်မှာ ဓာတ်ဆီ နှင့် ဒီဇယ် ကားများ အကုန်လုံး ဖယ်ရှားပစ်ဖို့ မသင့်ကြောင်း ၎င်းက ကန့်ကွက်ပြောဆိုပါတယ်။

 

"တကယ်လို့ လျှပ်စစ်ကားကို အကြောင်းကြောင်းကြောင့် မဝယ်ပေမဲ့ ကားတစ်စီး ရှိဖို့ လိုတဲ့သူက လက်ထဲရှိတဲ့ ကားအဟောင်းကိုပဲ တစ်သက်လုံးဆက်စီးနေရမှာလား" လို့ Mr Zipse က မေးခွန်း ထုတ်ပါတယ်။ 
မော်တော်ယာဉ်အားလုံး လျှပ်စစ်ကား ဖြစ်ရမယ်လို့ ပြဋ္ဌာန်းတာကြောင့် ဓာတ်ဆီ သို့မဟုတ် ဒီဇယ် ကားအသစ်တွေ မထုတ်လုပ်တော့တဲ့အခါ လျှပ်စစ်ကား စီးဖို့လည်း မဖြစ်နိုင်တဲ့ အခြေအနေမှာ ဓာတ်ဆီ သို့မဟုတ် ဒီဇယ် ကားအိုကားဟောင်းကိုပဲ ဆက်သုံးနေကြရင် လေထုညစ်ညမ်းမှု ပိုပြင်းထန်လိမ့်မယ်လို့ Mr Zipse က ပြောကြားပါတယ်။ 

နောက်ထပ်ပြဿနာတစ်ခုက ကား brand တစ်ခုက ဓာတ်ဆီ သို့မဟုတ် ဒီဇယ် ကားထုတ်လုပ်မှု ရပ်လိုက်ရင်  ဈေးကွက်ထဲ လစ်ဟာသွားတဒ့နေရာမှာ ဓာတ်ဆီ သို့မဟုတ် ဒီဇယ် ကားထုတ်လုပ်တဲ့ တခြား brand တွေက နေရာရသွားကြလိမ့်မယ်။
"တကယ်လို့ ခင်ဗျားက အတွင်း မီးလောင်ပေါက်ကွဲ အင်ဂျင်သုံးတဲ့ ကားတွေ မရောင်းဘူးဆိုရင် တခြားသူတွေက ရောင်းပေးပါလိမ့်မယ်"
လို့ Mr Zipse က ပြောကြားပါတယ်။

Mr Zipse က လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီအတွက် လိုအပ်တဲ့ ကုန်ကြမ်းအမျိုးမျိုးကို တရုတ်နိုင်ငံက ကြီးစိုးထားတာကိုလည်း ဂရုပြုသင့်ကြောင်း ပြောကြားပါတယ်။ 

လစ်သီယမ်၊ ကိုဘော့၊ နီကယ်၊ ကြေးနီ ကုန်ကြမ်းများကို တရုတ်နိုင်ငံက အများဆုံး တင်ပို့နေတဲ့အတွက် "နိုင်ငံ တစ်ခုတည်းအပေါ် တည်မှီနေတဲ့ လျှပ်စစ်ကားအနာဂတ် ဖြစ်နေတာကို ကျွန်တော်တို့ မလွဲမသွေ ဂရုပြုကြရမယ်" လို့ Mr Zipse က ပြောကြားပါတယ်။ 

BMW က  i4 Gran Coupe,  iX SUV,  iX3 SUV အစရှိတဲ့ လျှပ်စစ်ကားစစ်စစ် မော်ဒယ် တို့ကို ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။

 

 

Read 6263 times