အိန္ဒိယ အီးဗီဈေးကွက် Tata Motors ကြီးစိုးလွှမ်းမိုးထား


အိန္ဒိယ အီးဗီဈေးကွက် Tata Motors ကြီးစိုးလွှမ်းမိုးထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Tesla သည် အိန္ဒိယသို့ ဝင်မလာသေးပါ။ တရုတ်ကားထုတ်လုပ်သူများသည် အိန္ဒိယတွင် ရင်းနှီးမြုပ်နှံမှု ပြုဖို့ အဟန့်အတားများကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
Hyundai Motor နှင့် MG တို့သည် အိန္ဒိယအီးဗီဈေးကွက်တွင် Tata Motors ကြီးစိုးလွှမ်းမိုးထားခြင်းကို ယှဉ်ပြိုင်ရမည့် လျှပ်စစ်ကားထုတ်လုပ်သူများထဲတွင် ပါဝင်ပါသည်။

Tata Motors သည်  အိန္ဒိယပြည်တွင်း အီးဗီဈေးကွက်တွင် ဈေးကွက်ဝေစု ၈၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

တောင်ကိုရီးယားအခြေစိုက် Hyundai သည်  အိန္ဒိယနိုင်ငံမှ  ကြီးမားသောပြိုင်ဘက် Tata Motors ကို ရင်ဆိုင်ရန် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

Hyundai Motor India သည် အိန္ဒိယတွင်  လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် ပစ္စည်းပေးသွင်းသည့် ကွင်းဆက်နှင့် အားသွင်းကွန်ရက်တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ၁၀ နှစ်တာကာလအတွင်း ရူပီး ၂၀၀ ဘီလီယံ (ဒေါ်လာ ၂.၄၂ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း  မေလ ၁၁ ရက်၌ ပြောကြားခဲ့သည်။

Hyundai ကားစက်ရုံသည် အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးနာဒူပြည်နယ်တွင် တည်ရှိသည်။ ၎င်းစက်ရုံတွင် အီးဗီထုတ်လုပ်မှု တိုးမြှင့်ဖို့ ရည်မှန်းထားသည်။ ထို့ပြင် ဘက်ထရီစက်ရုံ တစ်ရုံ တည်ဆောက်ဖို့ အစီအစဉ် ရှိသည်။ အားသွင်းရုံများလည်း ထုတ်လုပ်မည်။ ထို့အတွက် တမီးနာဒူ ဝန်ကြီးချုပ်ရှေ့မှောက်တွင် ပြည်နယ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်ဖြစ်သော အိန္ဒိယဈေးကွက်တွင် ဈေးသက်သာသည့် ဓာတ်ဆီကားများ ကြီးစိုးထားဆဲ ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အီးဗီရောင်းအားသည် စီးရေ ၅ သောင်းအောက်တွင်သာ ရှိပြီး အိမ်စီးကားရောင်းအားစုစု‌ေပါင်း၏ ၁% မျှသာ ရှိသည်

၂၀၂၃ မတ်လကုန်တွင် ကုန်ဆုံးခဲ့သော ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အိမ်စီးကားရောင်းအား၏ ၄၁% ကို Maruti Suzuki က ရရှိခဲ့သည်။ Hyundai က ၁၅%နှင့် Tata က ၁၄% ရရှိသည်။

ဈေးကွက်ဝေစု အပြတ်အသတ် အသာရထားသည့် Maruti Suzuki သည် အီးဗီ ထုတ်လုပ်ရောင်းချခြင်း မပြုသေးပါ။ အီးဗီမော်ဒယ်များကို ၂၀၂၄ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်ရန် ပြင်ဆင်နေပါသည်။ 
Tata သည် အစောကတည်းက အီးဗီကို အရှိန်တင်ခဲ့ပါသည်။ ယမန်နှစ်က စတင်ထုတ်လုပိသည့် အီးဗီမော်ဒယ်ကို ရူပီး ၈၄၉,၀၀၀  ($10,300) ဖြင့် ရောင်းချခဲ့ရာ ပထမဆုံးနေ့တွင် အမှာစာ စီးရေ ၁ သောင်းကျော် ရရှိခဲ့သည်။

တရုတ်ကားလုပ်ငန်း SAIC Motor က ပိုင်ဆိုင်သည့် ဗြိတိသျှ ကားအမ‌ှတ်တံဆိပ် MG သည် Tata ၏ Thunder ကားမော်ဒယ်နှင့် ဆင်ဆင်တူသည့် Comet EV မော်ဒယ်အသစ်ကို မေလတွင် ကြိုတင်အမှာစာ လက်ခံခဲ့ပါသည်။ ဈေးနှုန်းမှာ သတ်မှတ်ကာလအတွင်း ရူပီး ၇၉၈,၀၀၀ ဖြစ်ပါသည်။

MG သည် ၂၀၂၂ ခုနှစ်စာရင်းအရ အိန္ဒိယနိုင်ငံ၏ EV စျေးကွက်တွင်  ရောင်းအား ဒုတိယအများဆုံး ဖြစ်ပါသည်။
MG သည် တရုတ်နှင့် အိန္ဒိယတို့အကြား ဆက်ဆံရေး မပြေလည်သည့် ပထဝီနိုင်ငံရေးကို ရင်ဆိုင်နေရသည်။
တရုတ်နိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည် အိန္ဒိယအစိုးရထံမှ အတည်ပြု ခွင့်ပြုချက်ရဖို့ ခဲယဉ်းပါသည်။ 

တရုတ်အရင်းအနှီးအပေါ်  အိန္ဒိယ၏ ကန့်သတ်ချက်များကြောင့် MG အဖို့ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ခက်ခဲ‌ေနသည်။

တရုတ်မှ Great Wall Motor သည် General Motors ပိုင်ဆိုင်သည့် စက်ရုံကို ဝယ်ယူခြင်းဖြင့် အိန္ဒိယဈေးကွက်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့သည်။ အစိုးရထံမှ အတည်ပြု ခွင့်ပြုချက် မရခဲ့ချေ။
တရုတ် အီးဗီ ကုမ္ပဏီကြီး BYD သည် အိန္ဒိယတွင် အနည်းအကျဉ်းမျှသာ လုပ်ကိုင်သည်။ ထဲထဲဝင်ဝင် မရှိ‌သေးပေ။

အိန္ဒိယတွင် ဂျပန်ကားထုတ်လုပ်သူများသည် အီးဗီ မော်ဒယ်များ ရောင်းချခြင်း မပြုကြသေးပေ။ ထုတ်လုပ်ရန် ပြင်ဆင်နေဆဲ ဖြစ်သည်။

Nissan Motor သည် အိန္ဒိယတွင် လျှပ်စစ်ကားမော်ဒယ်များအပါအဝင် မော်ဒယ်သစ်များ ဖန်တီးရန်အတွက် ပြင်သစ်မှ မဟာမိတ် Renault နှင့် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံမည်ဖြစ်သည်။

Maruti Suzuki ၏ မိခင်လုပ်ငန်း Suzuki Motor သည် အနောက်ဂူဂျာရတ်ပြည်နယ်တွင် အီးဗီနှင့် ဘက်ထရီများ ထုတ်လုပ်ရန်အတွက် ရူပီး ၁၀၄.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

Source Asia Nikkei 
 

Read 179 times