ခါးပတ်မပတ်သဖြင့် အသက်ဆုံးရှုံးရတဲ့ Tata ဥက္ကဋ္ဌဟောင်း ဘီလျံနာ တိုင်ကွန်း Cyrus Mistry


ခါးပတ်မပတ်သဖြင့် အသက်ဆုံးရှုံးရတဲ့ Tata ဥက္ကဋ္ဌဟောင်း ဘီလျံနာ တိုင်ကွန်း Cyrus Mistry


အိမ်စီးကား စီးကြတဲ့အခါ ရှေ့ထိုင်ခုံတွေမှာ ထိုင်ကြတဲ့အခါ ခါးပတ် ပတ်ဖြစ်ကြပေမဲ့ နောက်ထိုင်ခုံမှာ ထိုင်စီးတဲ့အခါ ခါးပတ် မပတ်ကြပါဘူး။ ယာဉ်တိုက်မှု ပြင်းထန်တဲ့အခါ နောက်ထိုင်ခုံမှာ ခါးပတ်မပတ်ဘဲ ထိုင်စီးတဲ့သူ အခန့်မသင့်ရင် အသက်ဆုံးရှုံးသည်အထိ ဆိုးဝါးနိုင်ပါတယ်။ (ဗီဒီယိုကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်)

 


စီးပွားရေးခေါင်းဆောင်၊ Tata Sons ဥက္ကဋ္ဌဟောင်း၊ တိုင်ကွန်း အသက် ၅၄ နှစ်ရှိသူ Cyrus Mistry ဟာ တနင်္ဂနွေနေ့ (စက်တင်ဘာလ ၄ ရက်) မွန်းလွဲပိုင်းမှာ  ဝတ်ပြုပြီး မွမ်ဘိုင်းသို့ အပြန်ခရီး ယာဉ်မတော်တဆတိုက်မှုမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ကားပေါ်မှာ သူနှင့်အတူ ၃ ဦး လိုက်ပါစီးနင်းခဲ့ပါတယ်။ 

 

နာမည်ကျော် မွမ်ဘိုင်းမီးယပ်အထူးကု ဒေါက်တာ Anahita Pandole ၊ သူမ၏ခင်ပွန်း Darius Pandole (JM Financial Private Equity စီအီးအို)၊ Darius Pandole ၏အစ်ကို Jehangir Pandole တို့ ဖြစ်ပါတယ်။  သူတို့ စီးလာတဲ့ကားက Mercedes GLC 220 D ဖြစ်ပါတယ်။ ကားမောင်းသူက ဒေါက်တာ Anahita Pandole ဖြစ်ပါတယ်။ သူမရဲ့ ဘေးဘက် ရှေ့ထိုင်ခုံမှာ သူမရဲ့ ခင်ပွန်း Darius Pandole ထိုင်ပါတယ်။

တိုင်ကွန်း Cyrus Mistry နှင့် Darius Pandole ၏အစ်ကို Jehangir Pandole တို့က နောက်ထိုင်ခုံမှာ ထိုင်ပါတယ်။  မွန်းလွဲ ၃ နာရီခွဲ ဝန်းကျင်မှာ မီးခိုးရောင် Mercedes က လမ်းဘေး ဝဲဘက်ကို ထိုးဆင်းပြီး အရံအတား ကွန်ကရိကို ကားခေါင်းဖြင့် ဝင်တိုက်ပါတယ်။ ကားခေါင်းကြေမွသွားပါတယ်။

 

 

နောက်ထိုင်ခုံမှာ ထိုင်စီးလာတဲ့ Cyrus Mistry နှင့် Jehangir Pandole တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြပါတယ်။ နှစ်ဦးစလုံး ထိုင်ခုံခါးပတ် မပတ်ထားကြပါဘူး။ နှစ်ဦးစလုံး ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိပြီး အသက်ဆုံးရှုံးခဲ့ကြပါတယ်။ 

 

 

ရှေ့ခန်းမှာ ထိုင်ခုံ ခါးပတ်ပတ်ပြီး စီးတဲ့ လင်မယား နှစ်ယောက်စလုံး ဒဏ်ရာများ ရရှိကြပေမဲ့ အသက်ဆုံးရှုံးခြင်း မရှိပါဘူး။ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိကြပါတယ်။

 

 

 

ဗီဒီယိုမှာ နောက်ထိုင်ခုံ ထိုင်သူ နှစ်ဦးပါပြီး တစ်ဦးက ခါးပတ် ပတ်ထားပါတယ်။ တစ်ဦးက ခါးပတ် မပတ်ထားပါဘူး။ ယာဉ်တိုက်မှု ပြင်းထန်တဲ့အခါ ခါးပတ်မပတ်ထားသူ မည်သို့မည်ပုံ ဖြစ်ပျက်နိုင်တယ်ဆိုတာကို တင်ပြထားပါတယ်။

# AutomobileGuide 

Telegram Channel https://t.me/Guid4U

 

Read 1053 times