ထိုင်းမော်တော်ယာဥ်ကဏ္ဍ SUV နှင့် PPV ရောင်းအားကောင်းကြမည်


ထိုင်းမော်တော်ယာဥ်ကဏ္ဍ SUV နှင့် PPV ရောင်းအားကောင်းကြမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ကားသုံးစွဲသူများ၏ ပြောင်းလဲလာသော လူနေမှုပုံစံနှင့် ဘဏ်ချေးငွေ တင်းကျပ်မှုတို့ကြောင့် မော်တော်ယာဥ်လုပ်ငန်းသည် ယခုနှစ်အတွင်း ရောင်းအားကြီးထွားမှု မညီမမျှ ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။

.

လျှပ်စစ်ကား ထုတ်လုပ်သူများသည် ထိပ်တန်း ရောင်းချသူများစာရင်းတွင် ပါဝင်မည် ဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေးဘဏ်များသည် ပြည်တွင်းရောင်းအားကို အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍတွင် ဆက်ရှိနေမည်ဖြစ်ပြီး အထူးသဖြင့် လုပ်ငန်းသုံး ပစ်ကပ်ကားစစ်စစ် အမျိုးအစားတွင် ဖြစ်သည်။

.

လျှပ်စစ်ကား EV များ၊ အိမ်စီး ပစ်ကပ်ကား pickup passenger vehicle (PPV) များ၊  sport utility vehicles (SUV) များကို ယခုနှစ်တွင် အဝယ်များကြလိမ့်မည်ဟု ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ အသင်းချုပ် Federation of Thai Industries (FTI)က ပြောကြားပါသည်။

.

.

ချေးငွေ စည်းကမ်းများ၏ သက်ရောက်မှု

.

ကားဝယ်သူများကို ချေးငွေထုတ်ပေးသည့်အခါ ဘဏ်များသည် တင်းကျပ်သော စံနှုန်းများကို ဆက်လက်လိုက်နာမည်ဖြစ်သည်။ သို့ဖြစ်ရာ ကားဝယ်ရန်အတွက် ချေးငွေရဖို့ ခဲယဉ်းသဖြင့် ကားအဝယ်နည်းမည်။ အထူးသဖြင့် ပစ်ကပ်ကားစစ်စစ်များ ရောင်းအားအပေါ် ထိခိုက်မည်ဟု FTI ၏ ဒုဥက္ကဋ္ဌနှင့် FTI မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။

 

Surapong Paisitpatanapong

 

"ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ကြွေးပြန်မဆပ်နိုင်တဲ့ ကြွေးဆုံးချေးငွေတွေကို စိုးရိမ်နေသရွေ့ ပစ်ကပ်တွေ ရောင်းအားတက်လာဖို့အတွက် ခက်ခဲလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။

.

ဘဏ်ချေးငွေဖြင့် လုပ်ငန်းသုံးပစ်ကပ်ကားစစ်စစ် ဝယ်ယူထားသော ကားပိုင်ရှင် အများအပြားတို့သည် အရစ်ကျ ပေးဆပ်ရန် ပျက်ကွက်ကြသဖြင့် ဘဏ်က ကားသိမ်းသည့် နှုန်းထား မြင့်မားနေသည်မှာ ထုံးစံ ဖြစ်နေသည်ဟု Mr Surapong က ပြောကြားသည်။

.

မနှစ်က ချေးငွေ စံနှုန်းများ တင်းကျပ်ခဲ့ခြင်းကြောင့်  ပြည်တွင်း ကားရောင်းအား ကျဆင်းခဲ့သည်။

"၂၀၂၃ ဒီဇင်ဘာလမှာ ပစ်ကပ်ရောင်းအား ယခင်နှစ်ထက် ၄၅% နီးပါး ထိုးကျခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။

.

ထိုင်းနိုင်ငံတွင် အိမ်ထောင်စုကြွေးမြီသည် GDP ၏ ၉၀% ကျော်ရှိသည်ဟု ခန့်မှန်းထားသောကြောင့် ဘဏ်များသည် ကားချေးငွေထုတ်ပေးရာတွင် ကြွေးဆုံးမည့် အရေးကို ပိုမိုသတိထားလာကြသည်။

.

"အစိုးရအနေနဲ့ ဒီနှစ်မှာ စီးပွားရေးကို နှိုးဆွနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒီလိုဆိုရင် ပစ်ကပ် ပြည်တွင်းရောင်းအားက ပြန်ကောင်းလာမှာပါ" ဟု ၎င်းက ဆိုသည်။

.

အကယ်၍ အစိုးရက စီးပွားရေး ထောက်ကူဖို့ စီမံချက်အသစ်များ ချမှတ်မည်ဆိုလျှင် စီးပွားရေးလုပ်ငန်းတွေကြားမှာ မဝေးသည့် အနာဂတ်ကာလအပေါ် ယုံကြည်စိတ်ချများ တည်ဆောက်‌ပေးပြီး စားသုံးသူတို့၏ ဝယ်ယူနိုင်စွမ်းကို တိုးမြင့်လာစေမှာ ဖြစ်ကြောင်း Mr Surapong က ပြောကြားသည်။

.

 

.

SUV နှင့် PPV ရောင်းအားကောင်းကြမည်

.

SUV နှင့် PPV တို့ ယခုနှစ် ရောင်းအားကောင်းကြမည်ဟု မျှော်လင့်ထားသည်။ ၎င်းအမျိုးအစား နှစ်ခုသည် ဝယ်စီးဖို့ တတ်နိုင်သည့် ဈေးနှုန်း အတိုင်းအတာအတွင်းမှာ ရှိနေသည်။ မောင်းနှင်ရန် စွမ်းရည် ကောင်းကြသည်။ သို့ဖြစ်ရာ လူကြိုက်များနေသည်။

.

လွန်ခဲ့သော လေးငါးနှစ်ကနှင့် ဈေးနှုန်းမတူတော့သည့် SUV ကားအမျိုးအစားကို လူအများ ဝယ်စီးဖို့ တတ်နိုင်ကြသောကြောင့် SUV ရောင်းအား တိုးလာမည်ဟု ယုံကြည်ကြောင်း Mr Surapong က ပြောသည်။

.

"အရင်တုန်းက SUV တွေက အရမ်းဈေးကြီးတယ်၊ စျေးနှုန်းက ဘတ် ၂ သန်းကျော်တယ်"ဟု ၎င်းက ပြောကြားသည်။

.

"အခုဆိုရင် SUV ကားတွေရဲ့ စျေးနှုန်းဟာ ဘတ် ၁ သန်းလောက် နိမ့်နေပြီ။ တရုတ်ကုမ္ပဏီတွေဆီက မော်ဒယ်လ်အသစ်တွေ စျေးကွက်ထဲ ဝင်ရောက်လာတာကြောင့် SUV အပိုင်းအကန့်မှာ ဈေးချရောင်းကြပြီး ပြိုင်ဆိုင်ကြတဲ့ စျေးနှုန်းစစ်ပွဲကို ဖြစ်ပေါ်နေစေပါတယ်"ဟု ၎င်းက ပြောကြားသည်။

.

အိမ်စီးကားများနည်းတူ သက်တောင့်သက်သာရှိခြင်းနှင့် မောင်းနှင်မှု အရည်အသွေး ရှိခြင်း နှစ်မျိုးစလုံးကို ပေးအပ်သောကြောင့် ပြည်တွင်းဈေးကွက်တွင် PPV ရောင်းချမှုမှာလည်း တိုးလာမည်ဟု မျှော်လင့်ထားကြောင်း Mr Surapong မှ ပြောကြားခဲ့သည်။

.

ပြီးခဲ့သောနှစ် အနှောင်းပိုင်းအထိ SUV နှင့် PPV များ စုစုပေါင်း ရောင်းချမှုသည် အတွင်း လောင်ကျွမ်း အင်ဂျင် internal combustion engine (ICE) ကားများနှင့် ဘက်ထရီသုံး အီးဗီ battery EV (BEV) များ ရောင်းအား အစီးရေ ၂၈,၀၀၀  ကျော်လွန်သွားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ပိုများမည်ဟု ၎င်းက ပြောကြားသည်။

.

.

အီးဗီ စျေးနှုန်းစစ်ပွဲ

.

ဈေးနှုန်းစစ်ပွဲသည် SUV တွင်သာမက အီးဗီအမျိုးအစားတွင်လည်း ဖြစ်ပေါ်လာနိုင်သည်။ အီးဗီကဏ္ဍတွင် ယှဉ်ပြိုင်မှု ပြင်းထန်နေသည်ဟု Mr Surapong က ပြောကြားသည်။

ပုံမှန်အားဖြင့် အီးဗီများသည် ICE ကားများထက် ဈေးပိုကြီးသည်။ 

ယမန်နှစ်က တရုတ်ကားကုမ္ပဏီများသည် ICE ကားများနှင့် ဈေးတူသော အီးဗီမော်ဒယ်အချို့ စတင်ရောင်းချခြင်းဖြင့် ပြည်တွင်းစျေးကွက်ကို လှုပ်ခါခဲ့ကြသည်။ အထူးသဖြင့် ထိုင်းဈေးကွက်ကို ကာလအတန်ကြာ လွှမ်းမိုးထားခဲ့သော ဂျပန်ကုမ္ပဏီများသည် ၎င်းတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

.

"တရုတ် အီးဗီ ထုတ်လုပ်သူတွေက ကားဝယ်စီးသူတွေကို စျေးနှုန်းသတ်မှတ်တဲ့ နည်းဗျူဟာတွေ သုံးစွဲပြီး ဆွဲဆောင်ဖို့ မော်ဒယ်အသစ်တွေကို စတင်ထုတ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။ ဒီတော့ ဈေးကွက်ထဲမှာ ဈေးနှုန်းအရ ယှဉ်ပြိုင်မှု ပြင်းထန်လာပါလိမ့်မယ်"ဟု Mr Surapong က ပြောကြားသည်။

.

မော်တော်ယာဉ်ဈေးနှုန်းများထက် ပိုအရေးပါသည်မှာ ကားဝယ်ရန် ဘဏ်ချေးငွေ အတိုးနှုန်းများ မြင့်မားနေသည့်အချက်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

.

ထိုင်းအစိုးရသည် စျေးကွက်တွင် အီးဗီ မော်ဒယ်အမျိုးမျိုးကို ပွဲထုတ်ရောင်းချနေကြသည့် အီးဗီ ထုတ်လုပ်သူများကို မက်လုံးများပေးကာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်သည့် ကားများကို မြှင့်တင်ပေးနေသောကြောင့် အီးဗီများကို လူကြိုက် ပိုများလာသည်။

.

၂၀၂၂  မှ ၂၀၃၀ ပြည့်နှစ်အထိ အီးဗီ လမ်းပြမြေပုံအရ အစိုးရက ၂၀၃၀ တွင် ဘက်ထရီသုံး အီးဗီစစ်စစ်များ ထုတ်လုပ်သည့် အစီးရေသည် စုစုပေါင်း ကားထုတ်လုပ်မှု၏ ၃၀% ကို ရရှိရန် ရည်မှန်းထားသည်။

ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်သော

• လျှပ်စစ်ကား ၇၂၅,၀၀၀

• လျှပ်စစ်ဆိုင်ကယ် ၆၇၅,၀၀၀

• လျှပ်စစ်ဘတ်စ်ကားနှင့် ထရပ်ကား ၃၄,၀၀၀

 ထုတ်လုပ်မည် ဖြစ်သည်။

.

ထိုင်းနိုင်ငံတွင် ဒေသတွင်း အီးဗီ အချက်အချာဖြစ်လာစေရန် နိုင်ငံတော်၏ ကြိုးပမ်းအားထုတ်မှုများသည် ယခုနှစ်တွင် အသီးအပွင့်များ စတင်ရရှိလာပြီ ဖြစ်သည်။ ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အီးဗီ ထုတ်လုပ်သူများ အထူးသဖြင့် တရုတ်နိုင်ငံမှ အီးဗီ ထုတ်လုပ်သူများသည် မြေကွက်များကို ဝယ်ယူထားပြီး ထိုင်းနိုင်ငံတွင် အီးဗီ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံများနှင့် ဒီဇိုင်းထုတ်လုပ်မှု လိုင်းများ စတင်တည်ဆောက်နေပြီသည်။ 

 

Krisda Utamote

.

ထိုင်းနိုင်ငံလျှပ်စစ်ယာဉ်အသင်းဥက္ကဋ္ဌ Krisda Utamote က နိုင်ငံခြားကုမ္ပဏီများထံမှ ပထမဆုံးပြည်တွင်း၌ အိမ်စီးအီးဗီများကို ယခုနှစ်တွင် စတင်ထုတ်လုပ်ရန် မျှော်လင့်ထားကြောင်း ပြောကြားသည်။

.

.

တရုတ်ကားလုပ်ငန်းများ၏ သက်ရောက်မှု

 .

တရုတ်ကားထုတ်လုပ်သူ Great Wall Motor ကုမ္ပဏီသည် လွန်ခဲ့သော ၃ နှစ်က ထိုင်းဈေးကွက်သို့ ဝင်ရောက်ပြီးနောက် ယခုနှစ် ဇန်နဝါရီလတွင် ၎င်း၏ ထိုင်း အီးဗီစက်ရုံကို ဖွင့်လှစ်ခဲ့သည်။

.

အဆိုပါစက်ရုံသည် ရယောင်းတွင် တည်ရှိပြီးတစ်နှစ်လျှင် ကား ၁၂၀,၀၀ အထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ကုမ္ပဏီသည် ကနဦးတွင် တစ်နှစ်လျှင် ကားအစီးရေ ၈ သောင်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။

.

BYD သည် ရယောင်းရှိ စက်မှုဇုန်တွင် မြေ ဧက ၆၀၀ ကို ဝယ်ယူခဲ့သည်။ ၎င်းမြေကွက်တွင် စက်ရုံ ဆောက်လုပ်လျက်ရှိပြီး အရှေ့တောင်အာရှရှိ ဈေးကွက်များအတွက် ဘက်ထရီသုံး လျှပ်စစ်ကားများ ယခုနှစ်တွင် စတင်ထုတ်လုပ်မည်။ ၎င်းစက်ရုံသည် တနှစ်လျှင် အစီးရေ တသိန်းခွဲအထိ ထုတ်လုပ်နိုင်သည်။ 

.

Horizon Plus သည် ထိုင်းမှ နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး PTT ရာနှုန်းပြည့်ပိုင်သည့် Arun Plus နှင့် ထိုင်ဝမ်အခြေစိုက် Hon Hai Precision Industry Co.တို့၏ ဖက်စပ်လုပ်ငန်းနှင့် ပူးပေါင်းပြီး အီးဗီများ ထုတ်လုပ်မည်။ 

ကုမ္ပဏီသည် လာမည့်နှစ်တွင် တစ်နှစ်လျှင် အစီးရေ ၅ သောင်း ထုတ်လုပ်နိုင်သည့် ကန်ဒေါ်လာ ၁ ဘီလီယံမှ ၂ ဘီလီယံတန်ဖိုးရှိ ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံကို ဖွင့်လှစ်ရန် စီစဉ်ထားသည်။

.

PTT သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် အခြားအီးဗီ ထုတ်လုပ်သူများကိုလည်း အီးဗီများ တပ်ဆင်ထုတ်လုပ်နိုင်‌စေရန် ကနဦးတွင် ကူညီပေးရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

.

PTT အနေဖြင့် ငွေကြေး ကုန်ကျမှု အမြောက်အမြားဖြင့် အမှတ်တံဆိပ် အသစ်ထူထောင်ကာ အီးဗီများ ထုတ်လုပ်ရန် မရည်ရွယ်ကြောင်းလည်း အသိပေး ပြောကြားခဲ့သည်။

.

.

မက်လုံးများ မူဝါဒ

.

ယခင်အစိုးရလက်ထက်က အီးဗီ မက်လုံးပေးထားသည့် ကုမ္ပဏီများသည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ရန် ကတိကဝတ်ပြုထားကြပါသည်။

ထိုစဉ်က အီးဗီ မက်လုံး မူဝါဒ EV3.0 တွင် အခွန် ဖြတ်တောက်လျှော့ချပေးခြင်း၊ အီးဗီ ဝယ်ယူသူတိုင်းကို ထောက်ပံ့ကြေး ချီးမြှင့်ပေးခြင်း၊ အီးဗီ ထုတ်လုပ်ရေး ကူညီပံ့ပိုးခြင်းတို့ ပါဝင်ပြီး သက်တမ်းမှာ ၂၀၂၂ နှင့် ၂၀၂၃ နှစ်နှစ် ဖြစ်ပါသည်။

.

သက်တမ်းမကုန်ခင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရအသစ်က အီးဗီ မက်လုံးများ မူဝါဒအသစ် EV3.5 ကို အတည်ပြုပေးခဲ့သည်။ သက်တမ်းမှာ ၂၀၂၄ မှ ၂၀၂၇ ခုနှစ်အထိ ၄ နှစ် ဖြစ်ပါသည်။

.

အစီအစဉ်တွင် အပြီးအစီး ထုတ်လုပ်ထားသည့် အီးဗီများ တင်သွင်းသည့်အပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်ကို လျှော့ချပေးထားပြီး အခွန်လည်း လျော့ပေါ့ပေးထားသည်။

.

၂၀၃၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်ရေး စွမ်းရည်သည် အစီးရေ ၂.၅ သန်းအထိ ရှိလာနိုင်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်သော ကားများ အစီးရေ ၇ သိန်းခွဲနှင့်  ICE ကား အစီးရေ ၁.၇၅ သန်းကို ရှိမည် ဖြစ်သည်ဟု FTI Future Mobility-ONE ၏ ဥက္ကဋ္ဌ Yuphin Boonsirichan က ပြောသည်။

 

Yuphin Boonsirichan

.

 FTI Future Mobility-ONE သည် FTI ၏ ထိုင်းနိုင်ငံ မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ကူပေးသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ 

.

FTI သည် ကားဝယ်စီးကြသူများ၏ နေထိုင်မှုပုံစံပြောင်းလဲခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် အီးဗီ ရောင်းအား  ၂၀၂၄ ခုနှစ်တွင် အစီးရေ ၉ သောင်းမှ တသိနအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

.

ကားကုမ္ပဏီများသည် စမတ်နည်းပညာ၊ တောက်ပြောင်သော ဒီဇိုင်းများနှင့် ဆွဲဆောင်မှုရှိသော စျေးနှုန်းများဖြင့် မော်ဒယ်အသစ်များကို ဆက်လက်ထုတ်လုပ်ရောင်းချပြီး ယှဉ်ပြိုင်ကြသောကြောင့် အီးဗီစျေးကွက်တွင် ပြိုင်ဆိုင်မှုများ မြင့်တက်လာမည်ဟု Ms Yuphin က ပြောကြားသည်။

.

အီးဗီထုတ်လုပ်သူများသည် ထိုင်းပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက် နှစ်ခုလုံးတွင် ရောင်းအား တိုးမြှင့်လိုသောကြောင့် အီးဗီ ဈေးနှုန်းစစ်ပွဲ ဆက်လက်ဖြစ်ပေါ်နေမည်ဟု FTI က ခန့်မှန်းထားပါသည်။

 

Source bangkokpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 300 times