တူရကီ ပထမဆုံး အီးဗီ SUV  ဈေးသက်သာမည်ဟု စီအီးအို ပြောကြား


တူရကီ ပထမဆုံး အီးဗီ SUV  ဈေးသက်သာမည်ဟု စီအီးအို ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တူရကီနိုင်ငံ၏  ပြည်တွင်း၌ ပထမဆုံး ထုတ်လုပ်သော လျှပ်စစ်ကားအမှတ်တံဆိပ် Togg  သည် ၂၀၂၃  ခုနှစ် နှစ်ဆန်းပိုင်း လများတွင် လမ်းများပေါ် ရောက်ရှိလာမည်ဖြစ်သည်။ အီးဗီပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ချိုသာလိမ့်မည်ဖြစ်ပြီး ဓာတ်ဆီအင်ဂျင်ကားများထက်ပင်လျှင် ဈေးသက်သာလိမ့်မည်ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် Gürcan Karakaş  က သောကြာနေ့(ဒီဇင်ဘာ ၉)တွင် ပြောကြားခဲ့သည်။
သို့သော် ပထမဆုံး ထုတ်လုပ်မည့် SUV  မော်ဒယ်အတွက် ဈေးနှုန်းများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကျမှ တရားဝင် ထုတ်ပြန်ကြေညာမည်ဟု ဆိုသည်။ 
ကြိုတင်အမှာစာများကိုလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကျမှ စတင်လက်ခံမည် ဖြစ်သည်။ 

Togg လျှပ်စစ်ကားကို တူရကီမှ ကုမ္ပဏီစုကြီး ၅ ခုတို့ ပူးပေါင်းပြီး Automobile Initiative Group of Türkiye -Togg ကို ထူထောင်ပြီး ထုတ်လုပ်ကြသည်။ Union of Chambers and Commodity Exchanges of Türkiye (TOBB) က ပူးပေါင်းဆောင်ရွက်ပေးသည်။ 

၁၅ နှစ်တာ ကာလတစ်လျှောက် ယူရို ၃.၅ ဘီလီယံ (ကန်ဒေါ်လာ ၃.၆ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပြီး ယူရို ၁.၈ ဘီလီယံဝန်းကျင်ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း မတိုင်ခင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ 

Togg သည် SUV အပြင် နောက်ထပ် မော်ဒယ် ၄ ခု ဖြစ်သော ဆီဒင် မော်ဒယ်၊ C-hatchback မော်ဒယ်၊ B-SUV မော်ဒယ်၊ B-MPV မော်ဒယ်တို့ကို ၂၀၃၀ မတိုင်ခင် ထုတ်လုပ်သွားမည် ဖြစ်သည်။ SUV  မော်ဒယ် ထုတ်လုပ်မှု အသားကျသွားသည့်အခါ ဆီဒင်မော်ဒယ်ကို အမြောက်အမြား ဆက်လက်ထုတ်လုပ်မည် ဖြစ်သည်။ 

၂၀၃၀ မတိုင်ခင်တွင် မော်ဒယ်အမျိုးမျိုး စုစုပေါင်း စီးရေ ၁ သန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။ ၂၀၃၅ မတိုင်ခင်တွင် မော်ဒယ်အချို့ စီးရေ ၃၀,၀၀၀ ကို အစိုးရထံ ရောင်းချမည် ဖြစ်သည်။ 
လက်ရှိအနေအထားတွင် တစ်နှစ်လျှင် စီးရေ ၁ သိန်းဝန်းကျင် ထုတ်လုပ်နိုင်သည်။ စက်ရုံ အသားကျပြီး စွမ်းအားပြည့် လည်ပတ်သည့်အခါ စီးရေ ၁၇၅,၀၀၀ အထိ ထုတ်လုပ်နိုင်လိမ့်မည်ဟု Karakaş က ပြောကြားသည်။ 

 ဧရိယာ ၁.၂ သန်း စတုရန်းမီတာပေါ်တွင် ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်၏ ၉၀ ရာခိုင်နှုန်းကို အလိုအလျောက်စနစ်များဖြင့် လုပ်ကိုင်သည့် စက်ရုံကို တည်ဆောက်ထားသည်။ စွမ်းအားပြည့် လည်ပတ်သည့်အခါ ၃ မိနစ် ၁ စီးကျ ထုတ်လုပ်ပေးနိုင်မည်ဟု Karakaş က ပြောကြားသည်။ 

Togg ပထမဆုံး မော်ဒယ်  SUV တွင် တူရကီ ပြည်တွင်းဖြစ် ပစ္စည်းများ တန်ဖိုးအားဖြင့် ၅၁ ရာခိုင်နှုန်း ပါဝင်သည်။ လာမည့် ၃ နှစ်အတွင်း ၎င်းရာခိုင်နှုန်းသည် ၆၈ ရာခိုင်နှုန်းဖြစ်လာမည်ဟု Karakaş က ပြောကြားသည်။ 
ယာဉ်အတွက် ပစ္စည်းပေးသွင်းသူများတွင ၇၅ ရာခိုင်နှုန်းသည် တူရကီ နိုင်ငံတွင်းရှိ လုပ်ငန်းများ ဖြစ်သည်။ 

၂၀၂၃ တွင် အမှာစာများ လက်ခံသောအခ ပထမအသုတ်တွင် စီးရေ ၂၀,၀၀၀ ပေးအပ်မည် ဖြစ်သည်။

ပြည်တွင်းမှာ ၁၈ လ ရောင်းချပြီးမှ ပြည်ပတင်ပို့မှု စတင်မည်ဖြစ်ပြီး ဥရောပနိုင်ငံများတွင် ပြည်တွင်းလုပ်ငန်းနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ၎င်းဖက်စပ်လုပ်ငန်းများက အီးဗီများကို ရောင်းချပေးမည် ဖြစ်သည်။ 

ကားကို Ferrari အိမ်စီးပြိုင်ကား ဒီဇိုင်း ထုတ်လုပ်သည့် အီတလီဒီဇိုင်းလုပ်ငန်း Pininfarina က ဒီဇိုင်းထုတ်ပေးထားသည်။ 

ဘက်ထရီအတွက် Togg ကားစက်ရုံအနီးတွင် Farasis က ဘက်ထရီစက်ရုံ ထားရှိပြီး ထုတ်လုပ်ပေးမည် ဖြစ်သည်။ 

တူရကီနိုင်ငံတွင် အားသွင်းကွန်ရက်ကို brand အမည် Trugo ဖြင့် စတင်ထူထောင်နေသည်။ ပြည်နယ် ၈၁ ခုတွင် အားသွင်းရုံ ခုရေ ၆၀၀ အဆင်သင့် ရှိနေစေမည် ဖြစ်သည်။  မြို့တွင်း မြို့ပြင် နေရာများအပြင် အဝေးပြေးလမ်းမများတွင်လည်း အားသွင်းရုံများ ထားရှိပေးထားမည် ဖြစ်သည်။ 

Source dailysabah
 

Read 305 times