ကားသင်္ဘော Sun Rio  ရေခဲဖုံးလွှမ်းခံရ


ကားသင်္ဘော Sun Rio  ရေခဲဖုံးလွှမ်းခံရ

ကားအသစ်ကျပ်ချွတ်တွေ တင်ဆောင်လာတဲ့ Sun Rio အမည်ရှိသင်္ဘောက ရေခဲမှတ်အောက် (-) ၁၉ ဒီဂရီ စဲစီးယပ်စ် ရေခဲမုန်တိုင်းထဲ ဖြတ်သန်းခုတ်မောင်းခဲ့ရလို့ ရေခဲဖုံးလွှမ်းခံရပါတယ်။
ရုရှားနိုင်ငံသို့ သွားတဲ့ခရီးစဉ်မှာ သင်္ဘောပေါ်တင်ဆောင်လာတဲ့ ဂျပန်ကားတချို့ ရေခဲအုပ်ခံရတာ ဖြစ်ပါတယ်။
ဘေးအစွန်နားမှာ တင်ဆောင်လာတဲ့ Nissan ကားတွေ ရေခဲကြောင့် သင်္ဘောဘောင်နံရံနဲ့ တွဲကပ်နေခဲ့ပါတယ်။ တခြားနေရာမှာ တင်လာတဲ့ ကားတွေ ကတော့ ရေခဲတုံးထဲ ငုံခံရပါတယ်။

ရုရှားနိုင်ငံရှိ ကားပြခန်းတွေအတွက် မှာယူထားတဲ့ ကားတွေ ဖြစ်ပါတယ်။
ရေခဲအထူက ၆ လက်မအထိ ရှိတာကြောင့် ကားအသစ်အနေဖြင့် သတ်မှတ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ကြပါတယ်။

လေပြင်းတိုက်နေပြီး အအေးချိန် အနုတ် ၁၉ ဒီဂရီ စဲစီးယပ်စ် ဖြစ်နေချိန်မှာ ပင်လယ်လှိုင်းကြောင့် သင်္ဘောပေါ်ကို စင်တဲ့ ရေတွေ ခဲကုန်တယ်။ ကားအသစ်တွေအပြင် တစ်ပတ်ရစ်ကားတွေလည်း ပါဝင်ပြီး အသစ်ရော အဟောင်းရော ရေခဲအုပ်ခံရပါတယ်။ အအေးဒဏ်ကြောင့် မှန်ကွဲတဲ့ ကားတွေကတော့ အတွင်းပိုင်းပါ ပျက်စီးခဲ့ပါတယ်။

 

 

သင်္ဘောကိုယ်ထည်နဲ့ ရေခဲတုံးကြောင့် တွဲကပ်မနေတဲ့ ကားတချို့ကို ဆိပ်ကမ်းမှာ ကရိန်းနဲ့မပြီး ချခဲ့ကြပါတယ်။ တွဲကပ်နေတဲ့ နီဆန်းကားတွေကတော့ ရေခဲဖျော်ချပြီးမှ ချလို့ရမှာ ဖြစ်ပါတယ်။

ရေခဲမုန်တိုင်း သတိပေးချက် ရှိနေပေမဲ့ ၂၀၂၂ ခုနှစ် အစမှာ လျှပ်စစ်ကားတွေကို  အကောက်ခွန် တိုးမြှင့်ကောက်ခံတော့မှာ ဖြစ်လို့ မတိုးမြှင့်ခင် ဆောလျင်စွာ ရောက်ရှိဖို့ အရေးကြီးတာကြောင့် ရေခဲမုန်တိုင်းကို ဖြတ်သန်းခုတ်မောင်းခဲ့တာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာကမ်းခြေ ဆိပ်ကမ်းဖြစ်တဲ့ Vladivostok ဆိပ်ကမ်းသို့ ပေးပို့တဲ့ ကားတွေ ဖြစ်ပါတယ်။
ကားအရောင်းကိုယ်စားလှယ် Alexander Bagola က "Nissan Leaf လျှပ်စစ်ကားတွေ အများကြီး ပါလာတယ်" လို့ ပြောပြပါတယ်။
Nissan ကားတွေအပြင် Toyota Tank / Roomy နဲ့ Honda Fit / Jazz ကားတွေလည်း ပါတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
သင်္ဘော "Sun Rio" ကို ၁၉၉၁ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ တည်ဆောက်ခဲ့ပါတယ်။ ပနားမား မှတ်ပုံတင်အလံ ဖြစ်ပါတယ်။
ယခင်က အမေရိက အလယ်ပိုင်းနှင့် တောင်ပိုင်းအကြား ပြေးဆွဲခဲ့ပါတယ်။ ယခုအခါ Vladivostok - Toyama – Busan ရုရှား ဂျပန် တောင်ကိုရီးယား ၃ နိုင်ငံခရီးစဉ် ပြေးဆွဲပါတယ်။

ဆောင်းရာသီမှာ ယခုလို အဖြစ်မျိုး ကြုံရတတ်ပြီး ကားတွေကို သင်္ဘောပေါ်မှ ချဖို့ ရေခဲဖျော်ဓာတုဆေး (reagents) သုံးစွဲခြင်း၊ မီးသတ်ပိုက်များဖြင့် ရေလုံးထိုး၍ ရေခဲဖျော်ချခြင်း၊ သံတူရွင်းဖြင့် ထိုးခွဲခြင်းတို့ ဆောင်ရွက်ပါတယ်။ ရံဖန်ရံခါမှာ ကားကို ထိမိခိုက်မိတာလည်း ရှိတယ်လို့ ဆိုပါတယ်။

 

 

 

 

Read 4787 times