တောင်ကိုရီးယားမှ SsangYong Motor ကို ဒေါ်လာ ၂၅၅ သန်းဖြင့် ရောင်းချ


တောင်ကိုရီးယားမှ SsangYong Motor  ကို ဒေါ်လာ ၂၅၅ သန်းဖြင့် ရောင်းချ

အိန္ဒိယမှ မော်တော်ယာဉ်လုပ်ငန်း Mahindra & Mahindra က ၂၀၁၀ မှာ အကြွေးတင်နေတဲ့ တောင်ကိုရီးယားမှ SsangYong Motor ရဲ့ အစုရှယ်ယာအများစု (၇၀%)ကို ဝယ်ယူခဲ့ပါတယ်။ ၂၀၂၂ ဇန်နဝါရီလ ၁၀ ရက်မှာ SsangYong Motor ကို တောင်ကိုရီးယားမှ လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့  Edison Motors က ဝမ် ၃၀၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅၅ သန်းခန့်)ဖြင့် ဝယ်ယူလိုက်ပါတယ်။ 
Mahindra & Mahindra က SsangYong Motor ကို ဝယ်ယူမယ့်သကို လအတန်ကြာသည်အထိ မရသဖြင့် တရားရုံးလက်မှာ ကြွေးတင်နေတဲ့ ကုမ္ပဏီကို အပ်နှံခဲ့ပါတယ်။

Mahindra & Mahindra က SsangYong Motor ရဲ့ ရှယ်ယာများကို ၂၀၁၀ ခုနှစ်မှာ ဝယ်ယူခဲ့စဉ်က SUV  ကားတွေ ထုတ်လုပ်ရောင်းချရင် ကုမ္ပဏီရဲ့ အခြေအနေ ပြန်နာလန်ထလာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ SsangYong Motor က အရှုံးဆက်ပြနေခဲ့ပါတယ်။

၂၀၂၀ ဧပြီလမှာ Mahindra & Mahindra က SsangYong Motor ထဲသို့ ငွေသွန်ထည့်ပေးနေတာကို ရပ်လိုက်ပါတယ်။ ကုမ္ပဏီကို ရောင်းထုတ်ပစ်ဖို့ စတင်လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ ဝယ်ယူမည့်သူ မရရှိခဲ့ပါဘူး။  ၂၀၂၀ နှစ်ကုန်မှာ အကြွေး ဝမ် ၁၀၀ ဘီလီယံ တင်နေတဲ့ SsangYong Motor ကို ဒေဝါလီခံလိုက်ပါတယ်။ 

၂၀၂၁ မှာ SsangYong Motor က ကားစီးရေ ၈၄,၀၀၀ ဝန်းကျင်သာ ရောင်းချခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဝင်ငွေ ဝမ် ၁.၈ ထရီလီယံ ရရှိပြီး အရှုံး ဝမ် ၂၃၈ ဘီလျံ ရှိနေပါတယ်။ 


SsangYong Motor ရဲ့ မူလအစက ၁၉၅၀ ပြည့်လွန်နှစ်များမှာ Dong-A Motor အမည်ဖြင့် စတင်ခဲ့ပါတယ်။ ၁၉၈၈ မှာ SsangYong Business Group က ဝယ်ယူခဲ့ပြီး SsangYong Motor ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ Mahindra & Mahindra ရဲ့ လက်ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီကို ရောင်းချဖို့ ကြိုးစားပေမဲ့ ဝယ်ယူမဲ့သူ မရသဖြင့် ဒေဝါလီခံပြီး တရားရုံးထံမှာ ပစ္စည်းထိန်း အပ်နှံထားခဲ့ပြီး လျှပ်စစ်ဘတ်စ်ကားနဲ့ ထရပ်ကားများ ထုတ်လုပ်တဲ့  Edison Motors က ဝယ်ယူလိုက်ပါတယ်။ ဝမ် ၃၀၄,၈ ဘီလျံဖြင့် ဝယ်ယူလိုက်တာ ဖြစ်ပြီး အဆိုပါ ငွေပမာဏဖြင့် တင်ရှိနေတဲ့ အကြွေးများကို ပေးဆပ်မှာ ဖြစ်ပါတယ်၊ 

ပိုင်ရှင်သစ်  Edison Motors က ၂၀၂၂ အတွင်းမှာ လျှပ်စစ်ကား မော်ဒယ် ၁၀ မျိုး ထုတ်လုပ်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ SsangYong အမည်ဖြင့် ထုတ်လုပ်မှာလား၊ Edison အမည်ဖြင့် ထုတ်လုပ်မှာလား ဘယ်  brand ကို သုံးစွဲမယ်ဆိုတာကိုတော့ အဆုံးအဖြတ် မပြုရသေးပါဘူး။ 
Korea Herald ရဲ့ သတင်းမှာ SsangYong ရဲ့ လိုဂိုဒီဇိုင်း ပြောင်းလဲဖို့ အစီအစဉ် ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

Read 2335 times