တောင်ကိုရီးယားမှ SsangYong Motor  အရောင်းအဝယ်ပျက်


တောင်ကိုရီးယားမှ SsangYong Motor  အရောင်းအဝယ်ပျက်


အိန္ဒိယမှ မော်တော်ယာဉ်လုပ်ငန်း Mahindra & Mahindra က ၂၀၁၀ မှာ အကြွေးတင်နေတဲ့ တောင်ကိုရီးယားမှ SsangYong Motor ရဲ့ အစုရှယ်ယာအများစု (၇၀%)ကို ဝယ်ယူခဲ့ပါတယ်။ 
SsangYong Motor က SUV  ကားတွေ ထုတ်လုပ်ရောင်းချရင် ကုမ္ပဏီရဲ့ အခြေအနေ ပြန်နာလန်ထလာမယ်လို့ Mahindra & Mahindra က  မျှော်လင့်ထားပါတယ်။ 
ဒါပေမဲ့ SsangYong Motor က မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ အရှုံးဆက်ပြနေခဲ့ပါတယ်။

၂၀၂၀ ဧပြီလမှာ Mahindra & Mahindra က SsangYong Motor ထဲသို့ ငွေသွန်ထည့်ပေးနေတာကို ရပ်လိုက်ပါတယ်။ ကုမ္ပဏီကို ရောင်းထုတ်ပစ်ဖို့ စတင်လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ ဝယ်ယူမည့်သူ မရရှိခဲ့ပါဘူး။  ၂၀၂၀ နှစ်ကုန်မှာ အကြွေး ဝမ် ၁၀၀ ဘီလီယံ တင်နေတဲ့ SsangYong Motor ကို ဒေဝါလီခံလိုက်ပါတယ်။ 

Mahindra & Mahindra က SsangYong Motor ကို ဝယ်ယူမယ့်သူကို လအတန်ကြာသည်အထိ မရသဖြင့် တရားရုံးလက်မှာ ကြွေးတင်နေတဲ့ ကုမ္ပဏီကို အပ်နှံခဲ့ပါတယ်။

၂၀၂၂ ဇန်နဝါရီလ ၁၀ ရက်မှာ SsangYong Motor ကို တောင်ကိုရီးယားမှ လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့  Edison Motors က ဝမ် ၃၀၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅၅ သန်းခန့်)ဖြင့် ဝယ်ယူလိုက်ပါတယ်။

၂၀၂၂ မတ်လ ၂၅ ရက်ထက် နောက်မကျ ငွေပေးချေရမှာ ဖြစ်ပေမဲ့ Edison Motors က ငွေပေးးဖို့ ပျက်ကွက်နေခဲ့ပါတယ်။


မေလဆန်းမှာ SsangYong က ဝယ်လက်အသစ် ထပ်ရှာနေကြောင်း ထုတ်ပြန်ကြေညာပါတယ်။ 
တရားရုံး အကာအကွယ် ရယူပြီးတဲ့နောက်ပိုင်း ဘဏ္ဍာရေး အခြေအနေ တိုးတက်ကောင်းမွန်လာတယ်လို့ SsangYong က ဆိုပါတယ်။ 
ပြည်ပမှ အမှာစာများ ပိုမိုရရှိခဲ့တယ်။  Saudi National Automotive Manufacturing Company က ဆော်ဒီအာရေဗျမှာ CKD (complete knock-down) စက်ရုံတစ်ရုံ ဆောက်လုပ်ပေးဖို့ ကန်ထရိုက် ရရှိခဲ့ပါတယ်။
အဲဒီစက်ရုံက ဆော်ဒီအာရေဗျရဲ့ ပထမဆုံး ကားစက်ရုံ ဖြစ်ပါတယ်။ ၂၀၂၃ မှာ စတင်လည်ပတ်ဖို့ လျာထားပါတယ်။ SsangYong ရဲ့ Musso ပစ်ကပ်ထရပ်များနှင့် Rexton SUV များကို စတင်ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ဆော်ဒီအာရေဗျ ပြည်တွင်းမှာ ရောင်းချမှာဖြစ်တဲ့အပြင် ပြည်ပကိုလည်း တင်ပို့မှာ ဖြစ်ပါတယ်။ 

SsangYong က Torres မော်ဒယ်အသစ်ကို ၂၀၂၂ ဧပြီလမှာ စတင်ထုတ်လုပ်ပါတယ်။ လျှပ်စစ်ကား SUV အမျိုးအစား ဖြစ်ပါတယ်။
အမေရိကန်မှတစ်ပါး အခြားနိုင်ငံများသို့ တင်ပို့ ရောင်းချပါတယ်။

Read 3793 times