မြန်မာပြည်ထုတ် SKD ကားတွေစျေးထိုးတက်၊ဆူဇူကီး အာတီဂါတစ်စီး သိန်း ၆၀၀ ခန့်စျေးပေါက်


မြန်မာပြည်ထုတ် SKD ကားတွေစျေးထိုးတက်၊ဆူဇူကီး အာတီဂါတစ်စီး သိန်း ၆၀၀ ခန့်စျေးပေါက်

ရန်ကုန်မြို့ သီလဝါစက်မှုဇုန်က SKD (Semi Knock Down) စနစ်နဲ့ အစိတ်အပိုင်းတွေ တပ်ဆင်ထုတ်လုပ်တဲ့ ဆူဇူကီး အာတီဂါ Ertiga (Type 4 )၇ ယောက်စီး ကားတစ်စီးဟာ ရန်ကုန်ကားစျေးကွက်မှာ အခုရက်ပိုင်း ကျပ်သိန်း ၆၀၀ ဝန်းကျင်အထိ စျေးပေါက်လာကြောင်း ရန်ကုန်မြို့က ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။

ဒီဆူဇူးကီး SKD ကားတွေဟာ အာဏာသိမ်းပြီးကာစက တစ်စီးကို သိန်း ၃၀၀ ကျော်ဝန်းကျင်သာ ရှိခဲ့ရာကနေ အခုလို စျေးတက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းနဲ့ ဒေါ်လာငွေကိုင်ခွင့်တွေကို တင်းကျပ်လိုက်ပြီးနောက် မေလမှာ ကျပ်သိန်း ၄၆၅ သိန်းအထိ ဖြစ်လာခဲ့တယ်လို့လည်း သူကပြောပါတယ်။

အဲ့ဒီနောက်ဒီရက်ပိုင်း ကားအရောင်းစင်တာတွေက အမှာလည်း မရတော့သလို အမှာစာလည်း လက်မခံတော့တာကြောင့် ဆူဇူကီးကားတွေ အခုလို စျေးတက်လာခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့ခံတွေကြားမှာတေ့ာ သီလဝါက ဆူဇူကီး ကားစက်ရုံဟာ အပိုပစ္စည်းမရှိတာကြောင့် ပိတ်သွားပြီလို့ သတင်းတွေထွက်နေပေမယ့် စက်ရုံဘက်ကတော့ စက်ရုံပိတ်ထားခြင်းမရှိကြောင်းနဲ့ ကားတပ်ဆင်မယ့် အစိတ်အပိုင်း တင်သွင်းဖို့ အခက်အခဲရှိနေလို့ ကားထုတ်လုပ်မှု အရေအတွက်လျော့နည်းနေတယ်ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက် မြန်မာနိုင်ငံမှာ နာမည်ကျော် မော်တော်ကားထုတ်လုပ်တဲ့ အမှတ်တံဆိပ်တွေဖြစ်တဲ့ Ford ၊NISSAN ၊ Suzuki ၊ Kia ၊ Hyundai စတဲ့ ကုမ္ပဏီတွေလည်း လာရောက်ရင်းနှီးမြုပ်နှံထားပြီး ပြည်တွင်း ဈေးကွက်အတွက် ကားတွေထုတ်လုပ် ရောင်းချခဲ့တာ ရှိပါတယ်။

ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ကားတပ်ဆင်ထုတ်လုပ်တဲ့ ကားတွေကြားမှာ ဆူဇူကီးကတော့ ဒီရက်ပိုင်း စျေးသိသိသာသာတက်လာခဲ့တဲ့ ကား အမျိုးအစားလည်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်း မှာ SKD လို့ ခေါ်တဲ့ ကားပါမစ်တွေကို လွန်ခဲ့တဲ့ ၃ လလောက်က ရပ်နားခဲ့တာဖြစ်ပြီး ဟွန်ဒိုင်းလို့ ကားစက်ရုံတွေ ရပ်နေတာကြာပြီလို့ ရန်ကုန်တိုင်းဒေသကြီး မော်တင်ယာဥ်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူး‌‌ရောင်းချလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်ကပြောပါတယ်။

ဆူဇူကီး SKD ကားတွေ စျေးတက်လာရတဲ့ အကြောင်းအရင်း အခြားတစ်ချက်ကလည်း ဝယ်ရောင်းတွေက စျေးကစားပြီး ဆွဲတင်လို့ဖြစ်တယ်လို့ လည်း သူကပြောပါတယ်။

ဆူဇူကီး SKD ကားတွေဟာ ပိုင်ရှင် အမည်ပေါက်ရသလို နောက်ဆုံးနံပါတ်လည်းရပြီး ထုတ်လုပ်မှုအရည်အသွေးကလည်း အများလက်ခံလာတာကြောင့် အခုလိုစျေးတက်လာတာလို့ ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျဝယ်နိုင်တဲ့ အတွက် လူကြိုက်များတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က ပြည်ပကနေ လိုင်စင်ရဘဏ်တွေဆီ ဝင်လာတဲ့ နိုင်ငံခြားသုံးငွေတွေကို အလုပ်လုပ်ရက်တစ်ရက်အတွင်း ကျပ်ငွေနဲ့ လဲရမယ်လို့ ဗဟိုဘဏ်က ညွှန်ကြားခဲ့ပါတယ်။

အမေရိကန်ဒေါ်လာကို လက်ဝယ်ထားခွင့် မပြုဘဲ ၁ ရက်အတွင်း သတ်မှတ်ထားသော ကျပ်ငွေနှုန်းထားအတိုင်း ရောင်းချရမယ့် ဗဟိုဘဏ်ရဲ့ မူဝါဒအသစ်ကို ဂျပန်ကုမ္ပဏီများနဲ့ ဂျပန်အဖွဲ့အစည်းတွေကို ကင်းလွတ်ခွင့်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကလည်း ဧပြီလတွင်းက တောင်းဆိုခဲ့ပါတယ် ။

အဲဒီ စည်းမျဉ်းသစ်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီများ အားလုံးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး မြန်မာနိုင်ငံအတွင်း ၎င်းတို့ရဲ့ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန်ပင် အခက်အခဲများ ဖြစ်လာစေမှာ ဖြစ်တယ်လို့ ဧပြီလ ၄ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့တဲ့ ဂျပန်သံရုံး တောင်းဆိုစာမှာ ဖော်ပြထားပါတယ်။

အဲ့ဒီစာမှာ ဂျပန်စီးပွားရေး လုပ်ငန်းများနဲ့ ကုမ္ပဏီများကို လုပ်ငန်းလည်ပတ်ရေး ထိခိုက်နိုင်တဲ့အပြင် ဂျပန်သံရုံးနဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေတဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) တို့ကဲ့သို့သော အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုများ အပေါ်မှာလည်း ထိခိုက်လာနိုင်ကြောင်းဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဂျပန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ရှေးရှုပြီး ဗဟိုဘဏ်ရဲ့ အမိန့် ညွှန်ကြားချက် ၁၂/၂၀၂၂ ရဲ့အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ကင်းလွတ်ခွင့်ကို ဂျပန်ကုမ္ပဏီများနဲ့ မြန်မာနိုင်ငံအတွင်းရှိ တရားဝင် ဖွဲ့စည်းထားတဲ့ ဂျပန် အဖွဲ့အစည်းများ အားလုံးကို ပေးရန်အတွက် ဂျပန်သံရုံးက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုကော်မတီဖွဲ့ပြီး ကြီးကြပ်မယ်လို့ ဧပြီလအတွင်းက ထုတ်ပြန်ခဲ့ပြီး အဲဒီကော်မတီပေါ်လာပြီးကတည်းက SKD တွေအတွက် ပစ္စည်းသွင်းခွင့်မရတော့တာဖြစ်ကြောင်းမြန်မာ့မော်တော်ယာဥ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချသူများအသင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတော့ သီလဝါအပါအဝင် အထူးစီးပွားရေးဇုန်က ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဧပြီလအတွင်းကထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားငွေနဲ့ပတ်သက်ပြီး ကင်းလွတ်ခွင့်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ပြည်တွင်းကားစျေးကွက် အရောင်းအဝယ်အေးနေပြီး ကားစျေးတွေ ပြန်ကျဖို့အတွက်ကတော့ ထင်သလောက်မလွယ်ကြောင်း ကားဝယ်ရောင်းလုပ်သူတွေက ပြောပါတယ်။

SKD တွေ အပြင် ပြည်တွင်းမှာ အခြားကားတွေလည်း စျေးကွက်မှာ သိန်း ၅၀ ကနေ ၁၀၀ ကြားအထိ စျေးတက်သွားတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ဆူဇူကီးကားဟာ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ရာမှာ ၂၀၁၉ ခုနှစ်ကတော့ ကားစီးရေ တစ်သောင်း သုံးထောင်ကျော် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆူဇူကီး ဝဘ်ဆိုဒ်က တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ Suzuki မော်တော်ကားတွေရဲ့ အခွန်နဲ့ လိုင်စင်ကြေးမပါဝင်တဲ့ ဈေးနှုန်းမှာ Ertiga ၃၅၄ သိန်းကျပ်၊ Ciaz ၃၃၀ သိန်းကျပ်၊ Swift GL ၂၅၆ သိန်းကျပ်၊ Swift GLX ၂၈၉ သိန်းကျပ်၊  Carry Pro ၁၇၉ သိန်း ကျပ်တို့ဖြစ်တယ်လို့ သိရပါတယ်။

#MyanmarAutomobileGuide 

Telegram Channel

https://t.me/Guid4U

Source BBC

Read 24394 times