စင်ကာပူကုမ္ပဏီ SC Auto ကုမ္ပဏီက မြန်မာပြည်မှာ လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရန် ဆောင်ရွက်မည်


စင်ကာပူကုမ္ပဏီ SC Auto ကုမ္ပဏီက မြန်မာပြည်မှာ လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရန် ဆောင်ရွက်မည်

SC Auto စက်ရုံဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ဖြင့် စင်ကာပူနိုင်ငံမှ ရာခိုင်နှုန်းပြည့်ရင်းနှီးမြှုပ်နှံပြီး ခရီးသည်တင်မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေတဲ့စက်ရုံဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်မှာရှိတဲ့ SC Auto (Myanmar) Co., Ltd  ရဲ့ မော်တော်ကားစက်ရုံဖွင့်ပွဲအခမ်းအနားမှာ SC NEUSTAR အမှတ် တံဆိပ်ဘတ်စ်ကား ၃ စီး စတင် ထုတ်လုပ်ခဲ့ပါတယ်။ 

SC Auto စက်ရုံက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ ကုန်ကြမ်းများနှင့် နည်းပညာကို အီးယူနိုင်ငံများမှရယူပြီး လုပ်ငန်းစတင်လည်ပတ်ခဲ့ရာ ၂၀၁၉ ခုနှစ် မေလတွင် ဘတ်စ်ကား ၃ စီးကို ထုတ်လုပ်၍  Elite Express Public Co., Ltd. သို့ ရောင်းချခဲ့ပါတယ်။ 

စင်ကာပူနိုင်ငံမှာရှိတဲ့ SC Auto (Singapore) စက်ရုံကဲ့သို့ပင် မြန်မာနိုင်ငံမှာ  Complete Knocked–Down (CKD) စနစ်ဖြင့် လာရောက်တပ်ဆင်ထုတ်လုပ်တာဖြစ်တယ်။  နောက်ဆုံးပေါ်နည်းပညာနဲ့ စက်ပစ္စည်းတွေတပ်ဆင်တည်ဆောက်ထားတာဖြစ်ပြီး  2 D လေဆာသုံး သံပြားပုံဖော်ဖြတ်တောက်ခြင်း၊ အော်တိုမတ်တစ် ဝါယာကြိုးဖြတ်တောက်ခြင်းနဲ့ စစ်ဆေးခြင်း၊  ဘတ်စ်ကားစမ်းသပ်ခြင်း၊ ကားဆေးမှုတ်ရုံများအပါအဝင်  ယာဉ်အစိတ်အပိုင်း ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခုလုံးကို အဆင့်မြင့် Computer Program အသုံးပြုပြီး ဆောင်ရွက်ပါတယ်။ ထုတ်လုပ်ရာမှာအသုံးပြုတဲ့သံချောင်းတွေကို  Tensile Strength မြင့်မားတဲ့ Stainless Steel ကို ဖင်လန်နိုင်ငံက တင်သွင်းအသုံးပြုတာဖြစ်တဲ့အတွက် မော်တော်ကားတွေကို သက်တမ်းကြာရှည်စွာ သုံးစွဲနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
 
စင်ကာပူအခြေစိုက် SC Auto ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်ပြီး Made In Myanmar ဘတ်စ်ကားများကို ထုတ်လုပ်ပါတယ်။ စက်ရုံမှ တစ်နှစ်လျှင် ဘတ်စ်ကားအစီးရေ (၆ဝဝ) အထိ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်စီးရေ ထက်ဝက်ဝန်းကျင်ကို အာဆီယံ ဈေးကွက်သို့ တင်ပို့ရန် ရည်ရွယ်ချက် ရှိတယ်လို့ သိရပါတယ်။ 

လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် စင်ကာပူနိုင်ငံမှာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး လာမယ့်နှစ်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံမှာလည်း လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

Read 1267 times