တိုးဂိတ်မှာ RFID နည်းပညာ


တိုးဂိတ်မှာ RFID  နည်းပညာ

ယာဉ်မောင်းနှင့် တိုးဂိတ် ဝန်ထမ်းတို့ ထိတွေ့စရာ မလိုသည့်အပြင် အခကြေးပေးရန် တိုးဂိတ်မှာ ယာဉ်ကို ရပ်နေဖို့ မလိုတဲ့ radio frequency identification (RFID) နည်းပညာသုံး   အခကြေးကောက်ခံသည့် ဝန်ဆောင်မှုကို အင်ဒိုနီးရှားရှိ အဝေးပြေးလမ်းမကြီးမှာ စမ်းသပ်အဆင့် စတင်သုံးစွဲကြောင်း CNN Indonesia  သတင်းမှာ ဖော်ပြထားပါတယ်။ 
‘Let it Flo’ လို့ အမည်ပေးထားတဲ့ စနစ်ကို စမ်းသပ်အဆင့်ဖြင့် စတင်သုံးစွဲခြင်း ဖြစ်ပြီး များမကြာခင်မှာ ကျယ်ကျက်ပြန့်ပြန့် သုံးစွဲသွားမယ်လို့  ယခုစနစ်ကို တပ်ဆင်ပေးတဲ့ PT Jasa Marga ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ် Dwimawan Heru  က ပြောကြားပါတယ်။  ‘Let it Flo’ မှာ  Flo က အသုံးပြုတဲ့အက်ပ် အမည် ဖြစ်ပါတယ်။ Android စမတ်ဖုန်းများအတွက် Android ဗားရှင်းအက်ပ်ကို စီစဉ်ပေးထားပြီး iPhone များအတွက် iOS ဗားရှင်းအက်ပ် စီစဉ်ပေးထားပါတယ်။ လမ်းကြေးပေးချေတာကို ဖုန်းမှာ ပါတဲ့ Flo အက်ပ်ကို သုံးပြီး ပေးချေရမှာ ဖြစ်ပြီး ဂိတ်က ငွေပေးချေထားတဲ့ကား ဟုတ်မဟုတ်ကို  RFID စတစ်ကာကို လှမ်းဖတ်ပြီး စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ Flo အက်ပ်မှာ ကြိုတင်ငွေဖြည့်ထားရင် ဖြည့်ငွေထဲမှ လိုသလောက် နုတ်ယူပြီး အလိုအလျောက် ပေးချေပေးသွားမှာ ဖြစ်ပါတယ်။ 

ရေဒီယိုလှိုင်းဖြင့် ချိတ်ဆက်သိရှိဖို့  ယာဉ်ကြောတစ်ခု အလွတ်မောင်း လမ်းကြေးပေးချေစနစ် single-lane free-flow (SLFF) toll transaction system  ကို အသုံးပြုထားပါတတယ်။ စနစ်ရဲ့ လိုအပ်ချက်က SLFF ဖြင့် လမ်းကြေးပေးချေမယ်ဆိုရင် ပေးချေချင်တဲ့ကားရဲ့ ရှေ့မီးကြီးမှ သက်ဆိုင်ရာ အဖွဲ့အစည်းမှ ထုတ်ပေးထားတဲ့ RFID စတစ်ကာကို ရှေ့မီးကြီးမှာ ကပ်ထားဖို့ လိုပါတယ်။ 

တိုးဂိတ်က အနီးသို့ ကားရောက်ရှိလာတဲ့အခါ ရေဒီယိုလှိုင်းဖြင့် လှမ်းသိပြီး မောင်းတံကို ဖွင့်ပေးထားလိုက်မှာ ဖြစ်ပါတယ်။ 

RFID sticker ကို ကားရှေ့မှန်မှာ ကပ်လည်း ရပေမဲ့ ရှေ့မီးကြီးဟာ ရှေ့လေကာမှန်ထက် ကြားခံအနှောက်အယှက်ပိုကင်းတာကြောင့် ရှေ့မီးကြီးမှာ ကပ်ဖို့ သတ်မှတ်ပြဌာန်းထားတာ ဖြစ်ပါတယ်။ 

မလေးရှားမှာလည်း တိုးဂိတ်မှာ လမ်းကြေးပေးချေဖို့ RFID sticker ကို သုံးစွဲပါတယ်။  ယာဉ်ကြောတစ်ခုချင်းအတွက် single-lane free-flow (SLFF) ကို သုံးစွဲလျက် ရှိတဲ့အပြင် ယာဉ်ကြောတစ်ခုတည်းအတွက်သာမက အဝေးပေးလမ်းပေါ် ရှိ ယာဉ်ကြောအားလုံးအတွက်  multi-lane free flow (MLFF) tolling system ကို စတင်အကောင်အထည် ဖော်နေပါတယ်။  ငွေကောက်ခံတဲ့ ဝန်ထမ်းများအတွက် ရုံငယ် ထားရှိတော့မှာ မဟုတ်ဘဲ လမ်းအပေါ်မှာ ကင်မရာများနဲ့ စင်စာများ ထားရှိပြီး အလိုအလျောက် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ 

တိုးဂိတ်ရှိတာကြောင့် တစ်ဆို့ပြီး ကားတန်းရှည်နေတာတွေ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ 

 

 

Read 5035 times