မလေးရှား Proton ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခဲ့
မလေးရှားနိုင်ငံမှ Proton ရောင်းအား ၂၀၂၂ ဩဂုတ်လမှာ ပြည်တွင်းရောင်းအား မြင့်တက်တဲ့အပြင် ပြည်ပတင်ပို့မှုမှာလည်း မြင့်တက်ခဲ့ပါတယ်။
၂၀၁၃ ဇူလိုင်နောက်ပိုင်း အမြင့်မားဆုံး စီးရေ ပမာဏကို တင်ပို့နိုင်ခဲ့ပါတယ်။ ၁၀ နှစ်တာ နီးပါးအတွင်း စံချိန်သစ် ပြန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ဩဂုတ်လမှာ Proton စီးရေ ၉၃၈ စီး တင်ပို့ခဲ့ပါတယ်။ ယခင်စံချိန်ဟောင်းက ၇၉၄ စီး ဖြစ်ပါတယ်။
၂၀၂၂ အတွင်း ပြည်ပသို့ တင်ပို့ခဲ့တဲ့ စီးရေ စုစုပေါင်း ၄,၀၄၀ ရှိပြီဖြစ်ကြောင်း Proton ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Proton X70 နှင့် Proton X50 မော်ဒယ် နှစ်မျိုးစလုံး ပြည်ပတင်ပို့ရောင်းချမှု စီးရေ ဩဂုတ်လမှာ မြင့်တက်ခဲ့ပါတယ်။ Proton Saga မော်ဒယ်လည်း ပြည်ပတင်ပို့ရောင်းချမှု အခြေအနေကောင်းကြောင်း ကုမ္ပဏီက ပြောကြားပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်နေကြောင်းလည်း ကုမ္ပဏီက ပြောကြားပါတယ်။ ယခုလအတွင်း တောင်အာဖရိကမှာ Proton ကို ပြန်လည်မိတ်ဆက်ခြင်း အစီအစဉ်ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
“Proton ရဲ့ ပို့ကုန်ရောင်းအားက လတိုင်း တစ်လထက်တစ်လ ပိုကောင်းလာနေပါတယ်။ Proton ကို ပြည်တွင်းဈေးကွက်မှာသာမက ပြည်ပဈေးကွက်များမှာပါ ဝယ်ယူသူအသစ်တွေ ဆက်လက် ရရှိနေပါတယ်။ ကုမ္ပဏီရဲ့ ရေရှည်ရည်မှန်းချက်များအတွက် ပြည်ပဈေးကွက် ရောင်းအားက အသက်တစ်မျှ အရေးပါနေပါတယ်" လို့ Proton တွဲဘက် စီအီးအို Roslan Abdullah က ကြေညာချက်မှာ ပြောကြားထားပါတယ်။
၂၀၂၂ ဩဂုတ်လ ရောင်းအားကို ကြည့်လျှင် ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်များမှာ စီးရေစုစုပေါင်း ၁၅,၈၈၀ ရောင်းချနိုင်ခဲ့ပါတယ်။
၂၀၂၂ ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လတာအတွင်း စီးရေ စုစုပေါင်း ၈၇,၄၈၉၁ ရောင်းချခဲ့ပါတယ်။
၂၀၂၂ ပထမနှစ်ဝက်မှာ Proton မော်ဒယ်အမျိုးမျိုး ပြည်ပသို့ စီးရေ ၂,၇၂၂ တင်ပို့ရောင်းချခဲ့ပါတယ်။ Proton မော်ဒယ်အမျိုးမျိုးမှာ Proton Saga က ပြည်ပဈေးကွက်များမှာ, အရောင်းရဆုံး ဖြစ်ပါတယ်။ ၂၀၂၂ ပထမနှစ်ဝက်မှာ Proton Saga စီးရေ ၁,၆၀၂ တင်ပို့ ရောင်းချခဲ့ပါတယ်။
Proton ရဲ့ ပြည်ပဈေးကွက်များအနက် ပါကစ္စတန်ဈေးကွက်မှာ စီးရေ အများဆုံး ရောင်းချခဲ့ပါတယ်။ ပါကစ္စတန်ဈေးကွက်မှာ စီးရေ ၁,၇၇၀ ရောင်းချခဲ့ပါတယ်။
Source : paultan.org
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U