Polestar Singapore Space ဖွင့်လှစ်
ဆွီဒင်လျှပ်စစ်ကား brand ဖြစ်တဲ့ Polestar က အာရှပစိဖိတ်ဒေသအတွက် အရောင်းပြခန်းအသစ်တစ်ခုကို စင်ကာပူမှာ မတ်လ ၁၈ ရက်မှာ တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။
အရောင်းပြခန်းကို Polestar Singapore Space လို့ အမည်ပေးထားပါတယ်။ ‘Space’ က Polestar ရဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ showroom တွေကို ‘Space' လို့ ခေါ်ဝေါ်သုံးနှုန်းပါတယ်။
Polestar ရဲ့ စင်ကာပူမှာဖွင့်လှစ်တဲ့ ‘Space' က အရှေ့တောင်အာရှမှာ ပထမဆုံးဖွင့်လှစ်တဲ့ အရောင်းပြခန်း ဖြစ်ပါတယ်။
Polestar မှာတရားဝင်အရောင်းကိုယ်စားလှယ်ယူထားတဲ့ စင်ကာပူမှ Wearnes Automotive မှ ပြခန်းကို ဆောက်လုပ်ခဲ့ပါတယ်။ ကြမ်းခင်းဧရိယာ ၂,၂၆၀ စတုရန်းပေရှိပြီး စင်ကာပူဒေါ်လာ ၁ သန်းကျော် ကုန်ကျပါတယ်။
Volvo မှ ပေါက်ဖွားခဲ့ပြီး သီးခြားရပ်တည် လုပ်ကိုင်တဲ့ Polestar က အရည်အသွေး စွမ်းဆောင်ရည် မြင့်မားတဲ့ လျှပ်စစ်ကား brand ဖြစ်ပေမဲ့ ပြခန်းအခင်းအကျင်းကိုတော့ အကျဉ်းရုံးပြီး လိုရင်းကိုသာ ပြသပါတယ်။
လိုဂိုကြီးတွေ၊ စာလုံးကြီးကြီးဖြင့် ဖော်ပြထားတဒ့ကြွေးကြော်သံ စာတန်း မရှိပါဘူး။ မျက်စိနောက်စရာ ဘာတစ်ခုမှ မရှိအောင် ခင်းကျင်းပါတယ်။ "ငြိမ်သက်ခြင်းအာရုံ" ကို ပေးအပ်ပါတယ်။ ပြသထားတာမှာလည်း နေရာလွတ်တွေ ချန်ထားပေးပါတယ်။ ကျယ်ကျယ်ဝန်းဝန်းလို့ ခံစားမိစေတယ်။ မွန်းကျပ်တာ မခံစားရဘူး။
Polestar ရဲ့ ကားတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ပြသထားတာ ပြတိုက်တစ်ခု ရောက်နေသလို ခံစားမိစေတယ်။
စားပွဲအကြီးစားတစ်ခုကို အခန်းအလယ်မှာထားပြီး ပစ္စည်းတွေကို စားပွဲပေါ်တင်ပြီး ပြသထားတယ်။ ကိုင်ကြည့်လို့ရတယ်။
ပြခန်းမှာ အရောင်းဝန်ထမ်း မထားဘူး။ ကော်မရှင်၊ ဈေးစကားပြောဆိုခြင်း၊ ဝယ်ချင်အောင် ပြောဆိုခြင်း စတာတွေ ကင်းရှင်းတယ်။ ကားမှာ သုံးထားတဲ့ ပစ္စည်းတွေအကြောင်း နှံ့နှံ့စပ်စပ် သိတဲ့သူတွေ ထားပေးထားတယ်။
Polestar က အာရှပစိဖိတ်ဒေသအတွက်‘Space' တွေကို တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ ဩစတေးလျနိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။
ယခုအခါ Polestar 2 မော်ဒယ်ကို ရောင်းချလျက်ရှိပြီး နောက်ထွက်မယ့် မော်ဒယ်က Polestar 3 ဖြစ်ပါတယ်။ အလယ်အလတ် အရွယ်အစား SUV ဖြစ်ပြီး Audi E-Tron, BMW iX3 နှင့် Mercedes-EQ EQC တို့ကို ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။