တောင်ကိုရီးယားတွင် နောက်မှန်မပါသည့် Polestar 4 ထုတ်လုပ်မည်


တောင်ကိုရီးယားတွင် နောက်မှန်မပါသည့် Polestar 4 ထုတ်လုပ်မည်

TO GET INSTANT UPDATE  
Join Telegram Channel 

https://t.me/Guid4U

  • Polestar 4 ကို တရုတ်နိုင်ငံတွင် စတင် ထုတ်လုပ်နေပြီ ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာ အရောင်း စတင်မည်။ 
  • တရုတ်ပြည်တွင်းမှ မှာကြားထားသူများထံ ယခုနှစ် နှစ်မကုန်ခင် ကားအပ်နှံမည်။ 

Polestar သည် မော်ဒယ်အမည်ကို အမှတ်စဉ်ထိုးပြီး စီးရီး ထုတ်လုပ်ရာ ယခုအခါ Polestar 4 သို့ ရောက်ရှိပြီ ဖြစ်ပြီး Polestar 4 သည် ဒုတိယမြောက် လျှပ်စစ်ကားစစ်စစ် ဖြစ်သည်။ 

Polestar 4 ကို Geely Holding ၏ Hangzhou Bay  ကားစက်ရုံတွင် ထုတ်လုပ်လျက်ရှိသည်။
၂၀၂၃ ခုနှစ် နှစ်မကုန်ခင်တွင် တရုတ်ပြည်မှ မှာကြားထားသူများထံ ပေးပို့မည်။
လာမည့်နှစ် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် Polestar မော်ဒယ်များ လက်ရှိရောင်းချနေသည့် နိုင်ငံများမှ အမှာစာ တင်ထားသူများထံ ဆက်လက်ပေးပို့မည်။ 
Polestar 4 သည် SUV coupé အမျိုးအစား ဖြစ်ပြီး  Polestar 2 ဆီဒင်နှင့် Polestar 3 တို့ ကြားတွင်ရှိသည့် အရွယ်အစားဖြစ်သည်။ ဈေးနှုန်းမှာလည်း Polestar 2 နှင့် Polestar 3 ကြားတွင် ရှိသည်။
မော်ဒယ်ကို ၂၀၂၃ ခုနှစ် ဧပြီလတွင် Shanghai Auto Show မှာ ထုတ်ဖော်ပြသခဲ့သည်။
102-kilowatt-hour ဘက်ထရီထုပ် သုံးထားပြီး ခရီးတာ ၃၇၃ မိုင် (ကီလိုမီတာ ၆၀၀) အထိ သွားနိုင်သည်။ 
တပ်ဆင်ထုတ်လုပ်ရေးလိုင်းမှ အဦးဆုံး ဘီးလှိမ့် ထွက်လာသည့် ကားမှာ နှင်း Snow ဟု ခေါ်သည့် အဖြူရောင် ဖြစ်သည်။ 

 


 တရုတ်ပြည် Hangzhou Bay ကားစက်ရုံမှ Polestar 4 ထုတ်လုပ်ရေးလိုင်း


 Polestar  သည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်မှ စ၍ တောင်ကိုရီးယား နိုင်ငံတွင်လည်း ထုတ်လုပ်မည်။ 
Polestar ၏ မိခင်ကုမ္ပဏီ Geely၊ ပြင်သစ်မှ ကားလုပ်ငန်း Renault နှင့် တောင်ကိုရီးယားမှ ကုမ္ပဏီစုကြီး Samsung တို့ ပိုင်ဆိုင်သည့် Renault Korea Motors (RKM) ကားစက်ရုံတွင် ထုတ်လုပ်မည်။ 

ကုမ္ပဏီကို Nissan မှ နည်းပညာအကူအညီဖြင့်  Samsung မှ ၁၉၉၄ ခုနှစ်တွင် Samsung Motors အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။
၁၉၉၈ ခုနှစ်တွင် ကားများ စတင်ရောင်းချခဲ့သည်။  အရှေ့အာရှဘဏ္ဍာရေး အကျပ်အတည်း တောင်ကိုးရီးယား ကြုံရပြီး လုပ်ငန်းကို ထိခိုက်ခဲ့သည်။
၂၀၀၀ ပြည့်န‌ှစ်တွင် ပြင်သစ်ကားထုတ်လုပ်သူ ရေနိုး Renault ၏ လုပ်ငန်းခွဲ ဖြစ်လာခဲ့သည်။ Renault Samsung Motors (RSM) ဟု အမည်ပြောင်းလိုက်သည်။ အကယ်စင်စစ် ဆမ်ဆောင်းက ရှယ်ယာ အနည်းစုသာ ပိုင်ဆိုင်တော့သည်။ 
၂၀၂၂ တွင် Renault Korea Motors (RKM)ဟု အမည်ပြောင်းသည်။ 
၎င်းနှစ်တွင် Geely က ရှယ်ယာ အနည်းစု ဝယ်ယူခဲ့သည်။
သို့ဖြစ်ရာ Geely ပိုင်ဆိုင်သည့် Polestar ကို Geely ရှယ်ယာပိုင်ဆိုင်သည့် စက်ရုံတွင် ထုတ်လုပ်ပြီး  အမေရိကန်အပါအဝင် မြောက်အမေရိက ဈေးကွက်သို့ တင်ပို့မည်။ 

 

တရုတ်ပြည်တွင် ထုတ်လုပ်သော Polestar 4 ကို အမေရိကန်သို့ တင်ပို့မည်ဆိုပါက သွင်းကုန်ခွန်အပါအဝင် စည်းကြပ်သည့် အခွန်အခများ မြင့်မားသည်။ အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားနေသဖြင့် မူဝါဒ တင်းကျပ်မှုများလည်း ရှိလာနိုင်သည်။
တောင်ကိုရီးယားမှ တင်ပို့လျှင် အခွန်အခ သက်သာသည့်အပြင် အမေရိကန် ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး ပြေပြစ်သည်။

လောလောဆယ်တွင် Polestar 4 မော်ဒယ်ကို Polestar 3 မော်ဒယ် ထုတ်လုပ်နေသည့် Hangzhou Bay ကားစက်ရုံမှာ ထုတ်လုပ်လျက်ရှိသည်။ 
တရုတ်ပြည်မှာ ထုတ်လုပ်သည့် Polestar 4 မော်ဒယ်ကို ထိုင်းနိုင်ငံသို့ တင်ပို့မည်ဆိုပါကတရုတ်နှင့် ထိုင်းတို့အကြား နှစ်နိုင်ငံ လွတ်လပ်ကုန်သွယ်ရေး သဘောတူညီချက် ရှိသဖြင့် သွင်းကုန်ခွန် သက်သာမည် ဖြစ်သည်။ 

Geely က Polestar ကို Geely ပိုင်ဆိုင်သည့် Volvo Cars မှတစ်ဆင့် ဝယ်ယူထားခြင်း ဖြစ်သည်။ အမေရိကန် တောင်ကယ်ရိုလိုင်းနားတွင် Volvo Cars ကားစက်ရုံ ရှိသည်။ ၎င်းကားစက်ရုံတွင် ၂၀၂၄ ခုနှစ်မှာ Polestar 3 ကို ထုတ်လုပ်ဖို့ စီစဉ်နေသည်။ အမေရိကန်နှင့် ဉရောပအတွက် ထုတ်လုပ်မည် ဖြစ်သည်။ 

၂၀၂၄ ခုနှစ်တွင် Polestar 5 မော်ဒယ် စတင်ထုတ်လုပ်ဖို့ စီစဉ်ထားသည်။ 

Polestar 4 နှင့် Polestar 5 တို့တွင် နောက်မှန် မပါတော့ချေ။ အမိုးတွင် HD ကင်မရာတလုံး တပ်ဆင်ပေးထားသည်။ ယာဉ်မောင်းက ဒက်ရှ္ဘုတ်မှhigh-definition HD စခရင်မှတဆင့် ယာဉ်နောက်ဘက်ကို အချိန်နှင့်တပြေးညီ ကြည်လင်ပီသစွာဖြင့် မြင်နေရမည် ဖြစ်သည်။ သို့ဖြစ်ရာ ယာဉ်အတွင်း အမိုးမှာ နောက်ကြည့်မှန် မပါတော့ချေ။

Polestar 4 နှင့် Polestar 5 တို့ကို ရှေ့ဆင့်နောက်ဆင့် ထုတ်လုပ်သော်လည်း Polestar 6 ကို ၂၀၂၆ ခုနှစ်ကျမှ ထုတ်လုပ်မည်။

၂၀၂၅ ခုနှစ်တွင်  Polestar 1, Polestar 2, Polestar 3 နှင့် Polestar 4 မော်ဒယ် ၄ ခုတို့ စုစုပေါင်းရောင်းအား ၁၅၅,၀၀၀-၂၆၅,၀၀၀ ရရှိလျှင် အရင်းကြေသည့်အဆင့်သို့ ရောက်ရှိမည်ဟု ကုမ္ပဏီက ပြောကြားပါသည်။

Source insideevs


TO GET INSTANT UPDATE  
Join Telegram Channel 

https://t.me/Guid4U

Read 3797 times