တရုတ် အီးဗီ  Nio စမတ်ဖုန်း စတင်ရောင်းချ


တရုတ် အီးဗီ  Nio စမတ်ဖုန်း စတင်ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Nio Inc သည် ၂၀၂၃  စက်တင်ဘာလ ၂၁ ရက်တွင် ရှန်ဟိုင်း၌ Android စမတ်ဖုန်း အသစ် မိတ်ဆက်ပွဲ ကျင်းပခဲ့သည်။
တချိန်တည်းမှာပင်  ၎င်းစမတ်ဖုန်းကို အမှာစာ စတင်လက်ခံသည်။
စက်တင်ဘာလ ၂၈ ရက်တွင် ဖုန်းများ စတင်ပို့ပေးမည်။ 
တရုတ်ပြည်တွင် မည်သူမဆို Nio စမတ်ဖုန်းကို ဝယ်ယူသုံးစွဲနိုင်သည်။ Nio ကား လက်ဝယ် ရှိသူများအတွက်သာ မဟုတ်ချေ။ Nio ကား လက်ဝယ် မရှိသူများလည်း ဝယ်ယူ သုံးစွဲနိုင်သည်။ 

Nio ဖုန်းသည် ကားနှင့် လူတို့အကြား အချိတ်အဆက် ရရှိနေဖို့ကို အာရုံစိုက်ထားသည်။
ဖုန်းဖြင့် ကားကို ပါကင်ထိုးခိုင်းနိုင်သည်။
ဖုန်းဖြင့် ကားကို လူရှိနေသည့်ဆီ မောင်းလာဖို့ လှမ်းခေါ်နိုင်သည်။ ဖုန်းပိတ်ထားသော်လည်း ဖုန်းဖြင့် ကားတံခါး သော့ဖွင့်နိုင်သည်။ 
ကားကို လုပ်ဆောင်ချက် ၃၀ ကျော်အထိ ဖုန်းဖြင့် စေခိုင်းနိုင်သည်ဟု Nio Inc. စီအီးအို William Li  က မိတ်ဆက်ပွဲတွင် ပြောကြားသည်။
စမတ်ဖုန်း ဗားရှင်း ၃ မျိုး ထုတ်လုပ်ထားသည်။ ဈေးနှုန်းမှ ယွမ် ၆,၄၉၉($890) မှ ယွမ် ၇,၄၉၉ ($1,030) အထိ ဖြစ်သည်။

ကုမ္ပဏီ၏ စီအီးအို William Li က လောလောဆယ်တွင် စမတ်ဖုန်းကို တရုတ်ပြည်တွင်သာ ရောင်းချမည်။ ဥရောပတွင် Nio ကား စီးရေ အတော်အသင့် ရောင်းချပြီးမှ စမတ်ဖုန်း စတင်ရောင်းချမည်ဟု ပြောကြားသည်။
Nio သည် ဂျာမနီ အပါအဝင် ဥရောပ ၅ နိုင်ငံတွင် အီးဗီများ ရောင်းချလျက်ရှိသည်။ 

 


တရုတ်နိုင်ငံမှ Nio ကား လက်ဝယ်ရှိသူတို့တွင် အနည်းဆုံး တဝက်သည် Nio စမတ်ဖုန်းကို ဝယ်ကြလိမ့်မည်ဟု ကုမ္ပဏီက မျှော်မှန်းထားသည်။
စျေးနှုန်း $900 မှ $1,000 ဝန်းကျင်ရှိ Nio စမတ်ဖုန်းသည် အလားတူ အတန်းအစား Huawei စမတ်ဖုန်းနှင့် နှိုင်းယှဉ်ပါက $150 ခန့် သက်သာပြီး  Android စမတ်ဖုန်းဖြစ်ကြောင်း Li က ပြောကြားသည်။
Nio ကားကို သုံးစွဲသူများတွင် ထက်ဝက်ကျော်သည် iPhone သုံးကြသည်။ ကျန်သည့် ထက်ဝက်တွင် အများစုသည် Huawei သုံးကြသည်။ ကျန်သည့် လူနည်းစုသည် အခြား brand သုံးကြသည်ဟု Li က ပြောကြားသည်။

"iPhone မသုံးတဲ့ တဝက်က Nio ဖုန်းအသစ်ကို သုံးကြလိမ့်မယ်လို့ ကျွန်တော် ယူဆထားပါတယ်။ သူတို့ ‌ဖုန်းအသစ် ပြောင်းကိုင်ကြတဲ့အခါမှာ Nio ဖုန်းအသစ်ကို ဝယ်ကြလိမ့်မယ်" ဟု  Li က ပြောကြားသည်။

 


စမတ်ဖုန်း ထုတ်လုပ်ရန် တနှစ်နီးပါး အချိန်ယူ လုပ်ဆောင်ခဲ့သည်။
Nio သည် အထက်တန်းစား တရုတ်အီးဗီ brand များအကြား စမတ်ဖုန်း ပထမဆုံး ထုတ်လုပ်သူ ဖြစ်သည်။

နောင်တချိန်တွင် အီးဗီနှင့် စမတ်ဖုန်းတို့သည် တွဲလုံး ဖြစ်လာမည်ဟု မျှော်လင့်ရသည်။
တချိန်က ထိပ်တန်းစမတ်ဖုန်း ဖြစ်ခဲ့သည့် Meizu ကို Zhejiang Geely Holding က ဝယ်ယူခဲ့ပြီး မတ်လတွင် စမတ်ဖုန်းအသစ် ထုတ်လုပ်ခဲ့ရာ Geely ၏ Lynx & Co အမှတ်တံဆိပ် ကားမော်ဒယ်များနှင့်  ချိတ်ဆက်ပြီး ကားကို စေခိုင်းနိုင်သည်။ သာမန်စမတ်ဖုန်းအနေဖြင့်လည်း သုံးစွဲနိုင်သည်။
 
ဆွီဒင် လျှပ်စစ်ကား  Polestar သည်လည်း စမတ်ဖုန်း ထုတ်လုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလတွင် စတင်ရောင်းချရန် ရည်မှန်းထားသည်။

ကားကုမ္ပဏီများက စမတ်ဖုန်း ထုတ်လုပ်ကြစဉ် စမတ်ဖုန်း ထုတ်လုပ်သည့် Huawei, Apple, Xiaomi တို့က အီးဗီ ထုတ်လုပ်မည် ဖြစ်သည်။
Huawei သည် လွန်ခဲ့သည့် ၂ နှစ်ခန့်က Aito အမှတ်တံဆိပ်ဖြင့် အီးဗီများကို တရုတ်ပြည်တွင် ရောင်းချသည်။ 

Nio တွင် ကိုယ်ပိုင်အက်ပ် ရှိသည်။ နေ့စဉ်သုံးစွဲသူ ၆ သိန်းရှိသည်။ Nio ကား ပိုင်သူဦးရေ၏ တဆခွဲ နီးပါး ရှိသည်။ 

Nio ကား ရောင်းအားသည် ဇူလိုင်နှင့် ဩဂုတ်လတို့တွင် တလလျှင် စီးရေ ၂ သောင်း ဝန်းကျင်ရှိသည်။ ရောင်းအားကောင်းသည့် မော်ဒယ်မှာ  ES6 SUV ဖြစ်ပါသည်။
ယခုနှစ် ပထမ ၈ လတွင် ၉၄,၃၅၀ စီး ရောင်းချနိုင်ခဲ့သည်။

Nio သည် ဈေးသက်သာသည့် ကားမော်ဒယ်ကို Alps အမှတ်တံဆိပ်ဖြင့် နောက်န‌ှစ်တွင် စတင်ထုတ်လုပ်ရန် လျာထားသည်။

ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်နှောင်းပိုင်းတွင် စတင်တည်ထောင်ချိန်မှစ၍ တစ်ကြိမ်ထက်မက ငွေကြေးဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

Nio တွင် ချစ်ပ်များမှ ဘက်ထရီအထိ၊ အလိုအလျောက်မောင်းနှင်ခြင်းနှင့် စမတ်ကျခြင်းအထိ စမတ် အီးဗီ နည်းပညာများ၏ အဓိကကဏ္ဍများတွင် အင်ဂျင်နီယာ ၁၁,၀၀၀ ပါဝင်သော အဖွဲ့တစ်ဖွဲ့ရှိကြောင်း Li က မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

Nio သည် တရုတ်နိုင်ငံရှိ လျှပ်စစ်နှင့် ဟိုက်ဘရစ်ကားများ ထုတ်လုပ်သူများတွင် နံပါတ် ၉ နေရာတွင် ရှိနေသည်။

Source cnbc Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 379 times