ကားတွေရဲ့ model year သတ်မှတ်ချက် အမှန်


ကျွန်တော်တို့များသောအားဖြင့် အခုဘယ်မောင်းတွေကို US/Canada/Dubai စတဲ့နိုင်ငံတွေက တင်သွင်းတဲ့အခါမော်ဒယ်ခုနစ် သတ်မှတ်ချက်ကို international standard သတ်မှတ်ချက် အတိုင်း VIN (chassis no.) ရဲ့ ၁၀ လုံးမြောက် အက္ခရာကိုကြည့်ရပါတယ်။ 

ဥပမာ G ဆို ၂၀၁၆ H ဆို ၂၀၁၇ စသဖြင့်ပေါ့။

Name plate မှာ production date က ၁၀ လ ပိုင်း ၂၀၁၆ ဖြစ်နေပေမယ့်လည်း chassis က ၁၀ လုံးမြောက်က H ဖြစ်သွားရင် အဲ့ကားရဲ့ model year ကို ၂၀၁၇ လို့သတ်မှတ်ပါတယ်။ ၂၀၁၆ လို့ သတ်မှတ်လို့မရပါ။ Name plate က date က production year ကိုပဲ ကိုယ်စားပြုပါတယ်။ Model year ကို ကိုယ်စားမပြုပါ။

ကားထုတ်လုပ်တဲ့ သူတော်တော်များများက များသော အားဖြင့် နှစ်တစ်နှစ်ရဲ့ ၇ လပိုင်းကစပြီး chassis က ၁၀ လုံးမြောက် model year ကိုပြောင်းလဲသတ်မှတ်ကျတာများပါတယ်။  

ဥပမာ production date  07/2016 ကနေ 06/2017 အထိကို chassis မှာ H နဲ့လာပြီး 2017 model year အဖြစ်သတ်မှတ်ပါတယ်။

 အဲ့ဒါကိုမှ production date 07/2017 တို့ 08/2017 တို့ သွားဝယ်လိုက်ရင် 2017 မဟုတ်တော့ပဲ chassis မှာလည်း J ပြောင်းသွားတဲ့ 2018 ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် မော်ဒယ်ခုနစ် အမှန် သတ်မှတ်ဖို့အတွက် production date ကိုအတည်မယူပဲ chassis ရဲ့ ၁၀ လုံးမြောက် အက္ခရာကိုပဲ အတည်ယူကြပါတယ်။

အဲ့ဒီလို international standard အတိုင်းကို မြန်မာနိုင်ငံမှာလည်းကျင့်သုံးပါတယ်။ ကျွန်တော်တို့ကားတင်သွင်းရင် သူ့ဟာသူ 2018 production date ဖြစ်နေပစေ chassis က အက္ခရာက 2019 ပြောင်းသွားပြီဆိုရင် 2019 အနေနဲ့ အခွန်ဆောင်ပြီး တင်သွင်းရတာပါ။ ကျွန်တော့်ကား production က 2018 ဖြစ်နေလို့ ဆိုပြီး 2018 အနေနဲ့ အခွန်လျော့ပြီးဆောင်လို့မရပါ။ 

ဒါကြောင့် ကားတင်သွင်းဖို့ permit လျောက်ရင်တောင် name plate က production date ကို ကြည့်ပြီးလျောက်ရတာ မဟုတ်ပါဘူး။ Chassis ရဲ့ ၁၀ လုံးမြောက်က အက္ခရာကိုကြည့်ပြီး permit လျောက်ရတာပါ။ 

နိုင်ငံတကာ နည်းတူ အကောက်ခွန်ကလည်း အဲ့ဒီ အတိုင်းပဲ ကျင့်သုံးတယ်။ ကညန ကလည်းအဲ့ဒီအတိုင်းပဲ ကျင့်သုံးတယ်။ ကညနက ဝှီးတက်ပေါ်က ခုနစ်ကို chassis နံပါတ်က မော်ဒယ် အတိုင်းပဲရေးပေးတာပါ။ Production date ကိုကြည့်ပြီး ရေးပေးတာ မဟုတ်ပါဘူး။ တစ်ခုပဲ ချွင်းချက်အနေနဲ့က အရင်က ဂျပန်ကသွင်းထားတဲ့ ညာမောင်းတော်တော်များများရဲ့ ဝှီးတက်ပေါ်က ခုနစ်ကျတော့ production date ပဲကြည့်ပြီးရေးထားပေးတာများတယ်။

ဒီလို နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စနစ်ကို အကောက်ခွန်ရော ကညနရော ကားတင်သွင်းတဲ့သူတွေရော နားလည်ပေမယ့် မြန်မာနိုင်ငံက ကားဝယ်တဲ့သူတစ်ချို့က လက်မခံသေးပါ။ ကျွန်တော်တို့ ဘယ်လို အခွန်ဆောင်ပြီး တင်သွင်းထားရတယ် ဆိုတာစိတ်မဝင်စားဘူး။ Chassis မှာက ဘာအက္ခရာဆိုတာကို စိတ်မဝင်စားဘူး။ ဝှီးတက်ပေါ်မှာ ရေးပေးမယ့် ခုနစ်ကို စိတ်မဝင်စားဘူး။ သူတို့ သိတာက name plate ပေါ်က production date ကို ပြုးပြဲကြည့်မယ်ဆိုတာပဲ။

Name plate က production date နဲ့ ကိုယ်ပြောတဲ့ မော်ဒယ်ခုနစ် ကွဲလွဲပြီဆိုတာနဲ့ ခင်ဗျားကားက မော်ဒယ် တစ်နှစ်နှိမ့်တယ် ဘာညာနဲ့ ပြန်ပြောတက်ပါတယ်။ အရင်တုန်းက အဲ့ဒီလို ကိုယ့်ကိုလာပြောရင် စိတ်ဆိုးပါတယ်။ ဘာလို့ စိတ်ဆိုးလဲဆိုတော့ ကိုယ်ဆောင်ထားအခွန်က မော်ဒယ်အမြင့်နဲ့ဆောင်ထားတာလေ သူပြောတဲ့ ခုနစ်နဲ့ဆောင်ထားတဲ့ အခွန်မှ မဟုတ်တာ။

ပြီးတော့ မော်ဒယ် ခုနစ်ဆိုတာ သူခံယူထားသလို သတ်မှတ်တာလည်း မဟုတ်ဘူး။ International မှာလည်း အဲ့လို မသတ်မှတ်သလို မြန်မာနိုင်ငံက အကောက်ခွန် ရော ကညနကရော အဲ့လိုမသတ်မှတ်ဘူး။ Chassis က ခုနစ်အတိုင်းပဲ သတ်မှတ်ပြီးဆောင်ခိုင်းတာ။

ဒါတွေ အားလုံးက ကားသွင်းဖူးတဲ့ သူတွေတော်တော်များများနားလည်ပေမယ့် တစ်ဆင့်ပြန်လည်ရောင်းချတဲ့ စျေးကွက်မှာတော့ chassis က အက္ခရာတွေထက် ဝှီးတ်ပေါ်က model year တွေထက် name plate က production date ကိုပဲကြည့်ပြီး တိုင်ပါတ်နေကျတုန်းပဲ။

Chan Myae Hein

Read 749 times