အမေရိကန်မှာ Model 3 နဲ့ Model Y ကားတွေကို ဈေးထပ်လျှော့ချလိုက်တဲ့ Tesla


လျှပ်စစ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Tesla သည် ၎င်းတို့ထုတ် Model 3 နှင့်  Model Y မော်တော်ကားများကို အမေရိကန်ပြည်ထောင်စု ဈေးကွက်အတွင်း၌ ဈေးနှုန်းများ လျှော့ချကာ ရောင်းချနေကြောင်း caranddriver.com ၏ အောက်တိုဘာ ၂၀ ရက် သတင်းတွင် ရေးသား ဖော်ပြထားသည်။ 

 

Tesla  အနေဖြင့် Model 3  မျိုးဆက် မော်တော်ကားများကို (၂.၆၅) ရာခိုင်နှုန်းနှင့် Model Y မျိုးဆက် မော်တော်ကားများကို (၄.၂၃) ရာခိုင်နှုန်း အသီးသီး လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။  

 

ထိုကဲ့သို့ ကားဈေးနှုန်းများ လျှော့ချရခြင်းမှာ အမေရိကန်ပြည်ထောင်စု၏ ကားဈေးကွက်အတွင်း၌ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းများကြောင့်ဟု Tesla မှ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟု caranddriver.com တွင် ဆက်လက် ဖော်ပြထားသည်။ 

 

Advertisement

Click Here > Phyo Eain Si

 

ဈေးကွက်အတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေပြီ ဖြစ်သည့် Tesla ထုတ် Model 3 မျိုးဆက်ကားများ ဖြစ်သည့် Model 3 Long Range ကို အမေရိကန်ကန်ဒေါ်လာ (၄၇,၂၄၀) ဒေါ်လာမှ (၄၅,၉၉၀) ဒေါ်လာ၊ Model 3 Performance ကို အမေရိကန်ဒေါ်လာ (၅၃,၂၄၀) ဒေါ်လာမှ (၅၀,၉၉၀) ဒေါ်လာသို့ အသီးသီး လျှော့ချပေးခဲ့သည်။ 

 

ထို့ပြင် Teslaသည် Model Y Long Range ၏ ဈေးနှုန်းကို  အမေရိကန်ဒေါ်လာ (၅၀,၄၉၀) ဒေါ်လာမှ (၄၈,၄၉၀) ဒေါ်လာသို့ လျှော့ချပေးခဲ့ပြီး Model Y Performance မျိုးကွဲကိုမူ  အမေရိကန်ဒေါ်လာ (၅၄,၄၉၀) ဒေါ်လာမှ (၅၂,၄၉၀) ဒေါ်လာသို့ လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။

 

Tesla သည် ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကလည်း Model S နှင့်  Model X တို့၏ ဈေးနှုန်းများကို တစ်ကြိမ် လျှော့ချပေးခဲ့ဖူးကြောင်း သိရသည်။ 

 

Source : Car And Driver 

 

Read 1407 times