မလေးရှား ကားအသစ်ဈေးကွက် ကားဈေးတက်ဖွယ်ရှိဟု MAA ပြောကြား


 မလေးရှား ကားအသစ်ဈေးကွက် ကားဈေးတက်ဖွယ်ရှိဟု MAA ပြောကြား


မလေးရှားနိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများသည် ကုန်ကြမ်းဈေးတက်ခြင်း၊ နိုင်ငံသုံးငွေ ရင်းဂစ် အားပျော့နေခြင်း၊ ချစ်ပ် အလုံအလောက်မရခြင်းတို့ကြောင့် ထုတ်လုပ်ရေး စရိတ်စကများ မြင့်တက်နေသည့်အတွက် ကားရောင်းဈေးကို မြှင့်တင်ရဖွယ် ရှိကြောင်း ‌မလေးရှား မော်တော်ယာဉ်အသင်း Malaysian Automotive Association (MAA) ဥက္ကဋ္ဌ  Aishah Ahmad က ပြောကြားသည်။
လေ‌ာလောဆယ်တွင် မလေးရှားမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများသည် ကားရောင်းဈေး မြှင့်တင်ရန် ဆုံးဖြတ်ချက် မချသေးဘဲ ချိန်ဆနေကြကြောင်း ၎င်းက ပြောကြားသည်။ 


မလေးရှား အမျိုးသား မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Proton Holdings Bhd တွဲဘက်စီအီးအို Roslan Abdullah က မြင့်တက်လာသည့် ကုန်ကျစရိတ်များကို ကုမ္ပဏီက ကျခံပေးနေပြီး ရောင်းဈေးမတက်သေးဘဲ တတ်နိုင်သရွေ့ ထိန်းထားမည်ဖြစ်ကြောင်း ပြောကြားသည်။ သို့သော် အခြေအနေ ပိုမိုဆိုးဝါးလာပါက ကုန်ကျစရိတ် အချို့ကို ဝယ်ယူသူကို ကျခံစေမည်ဖြစ်ရာ ထိုအခါ၌ ရောင်းဈေး တိုးမြှင့်မည်ဟု အသိပေး ပြောကြားသည်။

MAA မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၂ မတ်လတွင် မော်တော်ယာဉ် ၇၃,၂၂၂ စီး ရောင်းချခဲ့ပြီး အိမ်စီးကား ၆၅,၉၀၂ စီး ပါဝင်သည်။ လုပ်ငန်းသုံးယာဉ် ၇,၃၂၀ စီး ပါဝင်သည်။

Read 3033 times