ဆေးသုတ်တာ ၂ နှစ်ကြာခဲ့တဲ့ Lady Bug


ဆေးသုတ်တာ ၂ နှစ်ကြာခဲ့တဲ့ Lady Bug

အီတလီမှာ မွေးပြီး ပြင်သစ်မှာ ကားထုတ်လုပ်ခဲ့ Ettore Bugatti က သူထုတ်လုပ်တဲ့ကားကို သူ့နာမည်ဖြင့် Bugatti လို့ အမည်ပေးခဲ့ပြီး သူက "နှိုင်းယှဉ်လို့ ရနေတယ်ဆိုရင် အဲဒီကားက Bugatti မဟုတ်တော့ဘူး" လို့ မြွက်ဆိုခဲ့ ဖူးပါတယ်။
 အဲဒီစကားကို Bugatti ရဲ့ ဟိုင်ပါကား စုဆောင်းသူ တစ္ဦးက လိုက်နာခဲ့ပါတယ်။ 

Bugatti က Divo မော်ဒယ် အစီး ၄၀ ထုတ်လုပ်ပါတယ်။ သူက တစ်စီးဝယ်။ သူဝယ်တဲ့ကားကိုယ်ထည်မှာ ဒိုင်းမွန်းကွက်တွေ ပီပီသသ ပုံမပျက်ဘဲ ပေါ်နေအောင်  ဆေးမှုတ်ခိုင်းခဲ့ပါတယ်။
တခြား Divo ကား ၃၈ စီးနဲ့ ကွဲပြားစေလိုတယ်။

သူဝယ်တဲ့ Divo ကို "Lady Bug" လို့ အမည်ပေးထားကြတယ်။ 
ဝယ်ယူသူက အမေရိကန်နိုင်ငံမှ ဖြစ်ပြီး အမည် ထုတ်ဖော်ပြောကြားခြင်း မပြုပေ။

သူက အောက်ခံအရောင်ပေါ်မှာ ဒိုင်းမွန်းကွက်တွေကို ဂဲဩမေတြီ အချိုးအစား အတိအကျ လိုက်နာပြီး ပုံဖော်ခိုင်းခဲ့ပါတယ်။

Divo ချင်းတူနေလို့ လာမယှဉ်နဲ့ သူ့ကားမှာ ဒိုင်းမွန်းကွက်တွေ ပါတယ်။ ဒိုင်းမွန်းကွက် ပါတာခြင်း တူပေမဲ့ သူ့ကားကိုယ်ထည်ပေါ်က ဒိုင်းမွန်းကွက်ကို ကြည့်လိုက်ရင် အချိုးအစား အကိုက် အတိအကျ ဖြစ်နေတာကိုတော့ လာယှဉ်လို့ မရဘူး။

သူလိုချင်တာကို စာတစ်ကြောင်းနဲ့ ပြောပြလိုက်ပေမဲ့ လက်တွေ့မှာ ဒိုင်းမွန်းကွက် ဖော်တာ ၂ နှစ်ကြာသွားတယ်။ Bugatti က လက်မြှောက်လုနီးပါးအထိ ဖြစ်ခဲ့ပါတယ်။
ဒိုင်းမွန်းကွက်တွေ အပေါက်ဖော်ထားတဲ့ အပြားချပ် ပန်းဖောက်ပြားကို ကိုယ်ထည်ပေါ်တင်တဲ့အခါ ကိုယ်ထည်မှာ အခုံး အကွေး အဖု အချိုင့်တွေ ရှိနေတာကြောင့် ဒိုင်းမွန်းကွက်တွေ ပုံပျက်ကုန်တယ်။ ကွန်ပျူတာ ဆော့ဖ်ဝဲ AutoCAD နဲ့ ရေးဆွဲထားတာက လက်တွေ့ဘဝထဲ တလွဲတချော် ဖြစ်နေပါတယ်။

Bugatti Design အကြီးအကဲ Jörg Grumer က "လုပ်ပေးရမယ့်ဟာရဲ့ သဘောသဘာဝက 2-D graphic ကို 3-D ကိုယ်ထည်ပန်းပုရုပ်ပေါ် သုံးစွဲရတာ ဖြစ်နေတယ်။ အမျိုးမျိုး လုပ်ကြည့်ကြတယ်။ မအောင်မြင်ဘူး။ ဒိုင်းမွန်းကွက်တွေ အချိုးအစား မပျက်အောင် ပုံဖော်ပေးတာ မအောင်မြင်ဘူး။ ကားဝယ်တဲ့သူရဲ့ တောင်းဆိုချက်ကို ကို ကျွန်တော် မလုပ်နိုင်ကြဘူးလို့ ကျွန်တော်တို့ဝန်ခံပြီး လက်မြှောက်လုနီးပါးအထိ ဖြစ်ခဲ့ပါတယ်" လို့ ပြောပြပါတယ်။

နောက်ဆုံးမှာတော့ ကားကိုယ်ထည်ပေါ် ပုံဖော်မယ့် ဒိုင်းမွန်းကွက် ၁,၆၀၀ ခုကို တစ်ကွက်ချင်း တိုင်းတာစစ်ဆေးပြီး လိုအပ်ရင် ပြုပြင်ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
တစ်ကွက်မှားရင် ကျန်တဲ့ ၁,၅၉၉ ခုက အလကား ဖြစ်သွားတော့မှာမို့ တစ်ကွက်ချင်း တိတိကျကျ သေသေချာချာ လုပ်ကိုင်ရပါတယ်။ 

စိတ်တိုင်းကျ စစ်ဆေးပြီး ဒီဇိုင်းပြင်၊ ပြန်စစ်ဆေးပြီး ပုံဖော်ပေးထားတဲ့ ပေ ၂၀ အလျားရှိ ပန်းဖောက်ပြား ဖလင်ချပ်ကို ရရှိတဲ့အခါ Bugatti ကိုယ်ထည်ပေါ် ပိပြားနေအောင် ကပ်ပြီး ဆေးမှုတ်ခဲ့ကြပါတယ်။

စမ်းသပ်တဲ့ ကားကိုယ်ထည် နှစ်ခုပေါ်မှာ ဒိုင်းမွန်းကွက်တွေ ဆေးမှုတ်ပြီးတဲ့အခါ တစ်ကွက်ချင်း တိုင်းတာ စစ်ဆေးကြည့်ပါတယ်။
အတိုင်းအတာ မှန်ရဲ့လား၊ အနေအထား မှန်ရဲ့လား ဆိုတာ တစ်ကွက်ချင်း စစ်ဆေးရပါတယ်။

စိတ်ချရပြီဆိုတော့မှ Lady Bug ကိုယ်ထည်အခွံပေါ်မှာ ပန်းဖောက်ပြားကို ကပ်ပြီး လက်ဖြင့် ဆေးမှုတ်ပါတယ်။ နှစ်ပတ်ကြာမြင့်ခဲ့ပါတယ်။ metallic tone နှစ်မျိုးဖြစ်တဲ့ Special Red နှင့် Graphite ကို သုံးစွဲထားပါတယ်။ ဒိုင်းမွန်းကွက်တွေ သိသိသာသာ ကွဲပြားအောင် လုပ်ပေးတာ ဖြစ်ပါတယ်။

 


Divo ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၅.၄ သန်း ဖြစ်ပါတယ်။ 8.0-liter အင်ဂျင် ထိုင်ထားပါတယ်။ quadruple-turbocharged W-16 engine ဖြစ်ပြီး 1,500 hp ရှိပါတယ်။ 
ဟိုက်ပါကား Divo ကို အစီး ၄၀ ကိုသာ ထုတ်လုပ်ပါတယ်။ 

 

 

 

 

Read 1697 times