အီးဗီစက်ရုံ ထူထောင်ရန်  ထိုင်းအစိုးရနှင့် Kia ဆွေးနွေး


အီးဗီစက်ရုံ ထူထောင်ရန်  ထိုင်းအစိုးရနှင့် Kia ဆွေးနွေး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကိုရီးယားမှ ပရီမီယံကားများ ထုတ်လုပ်သူ Kia သည် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသော ထိုင်းအီးဗီ စျေးကွက်မှ အကျိုးအမြတ် ရရှိရန်အတွက် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားစက်ရုံတည်ဆောက်ရန် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း Kia Sales (Thailand) မှ ပြောကြားသည်။

 

Hyundai Motor ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်  Kia ကော်ပိုရေးရှင်းသည် ထိုင်းအစိုးရနှင့် ဆွေးနွေးလျက်ရှိရာ အဆင်ပြေပါက ထိုင်းနိုင်ငံတွင် အီးဗီ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်မည် ဖြစ်သည်။

 

Kia သည် အာဆီယံတွင် မလေးရှားနိုင်ငံ၌ ကားစက်ရုံ ထားရှိသည်။ ထိုင်းစက်ရုံသည် အာဆီယံတွင် Kia ၏ ဒုတိယမြောက် ကားစက်ရုံ ဖြစ်လာမည် ဖြစ်သည်။ 

" အီးဗီ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကကျတဲ့ ကစားသမားတစ်ယောက် ဖြစ်ချင်တာကြောင့် အီးဗီ ထုတ်လုပ်မှုမှာ ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာပါ"ဟု Kia Sales (Thailand) ဥက္ကဋ္ဌ Jun Oh Lee က ပြောသည်။

 

Kia ကော်ပိုရေးရှင်းသည် ထိုင်းအစိုးရ၏ EV3.5 အစီအစဉ်အရ အီးဗီ မက်လုံးများ ရရှိရန်အတွက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့နှင့် ဆွေးနွေးနေပါသည်။

Kia သည် တန‌ှစ်လျှင် အစီးရေ ၂ သိန်းခွဲအထိ ထုတ်လုပ်နိုင်သည့် အီးဗီစက်ရုံကို ထိုင်းနိုင်ငံတွင် ထူထောင်ရန် အစီအစဉ်ရှိကြောင်း ယမန်နှစ်က  ကြေညာခဲ့သည်။

 

ရင်းနှီးမြှုပ်နှံမှုအသစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို Mr Jun က ငြင်းဆိုခဲ့ပြီး မိခင်ကုမ္ပဏီကသာ ထုတ်ဖော်ပြောကြားမည်ဟု ဆိုပါသည်။

 

ကုမ္ပဏီသည် ယခုနှစ်အတွင်း ဆားဗစ်စင်တာ လက်ရှိတွင် ၁၉ ခု ဖွင့်လှစ်ထားပြီး ၂၆ ခုအထိ ဖွင့်လှစ်သွားမည်ဟု Kia Sales (Thailand) ၏ ထုတ်ကုန်နှင့် စျေးကွက်ရှာဖွေရေး ဒုတိယဥက္ကဋ္ဌ Jean-David Christian Harel က ပြောကြားသည်။

 

၂၀၂၄ မှ ၂၀၂၆ ခုနှစ်အတွင်း Kia Sales (Thailand) သည် အထူးသဖြင့် SUV အမျိုးအစား ကားမော်ဒယ်လ်အသစ်များကို စတင်ရောင်းချရန် စီစဉ်ထားသည်။

ကုမ္ပဏီသည် ပရီမီယံကား ရောင်းချသူအဖြစ် ရပ်တည်လျက်ရှိသည်။ ယခုနှစ်အတွင်း ပရီမီယံကားကဏ္ဍတွင် စျေးကွက်ဝေစု ၂၀% ရရှိရန် ရည်မှန်းထားသည်။

 

ကားချေးငွေထုတ်ပေးရန် ဘဏ်များ၏ တင်းကျပ်သော စံနှုန်းများကြောင့် ချေးငွေရဖို့ ခဲယဉ်းသဖြင့် ထိုင်းဈေးကွက်တွင် ရောင်းအားကျဆင်းနေသည်။ Kia ဝယ်စီးကြသူ အများစုမှာ ငွေကြေး ပြည့်စုံကြသူများ ဖြစ်သဖြင့် Kia အနေဖြင့် ဘဏ်ချေးငွေအတွက် စိုးရိမ်စရာ မရှိကြောင်း ၎င်းက ပြောကြားသည်။

 

Source bangkokpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 141 times