တရုတ်နိုင်ငံတွင် Jeep ထုတ်လုပ်သည့် ဖက်စပ်လုပ်ငန်း ဒေဝါလီခံမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံတွင် Jeep များ ထုတ်လုပ်သည့် ဖက်စပ်လုပ်ငန်းသည် ဒေဝါလီခံသွားမည်ဖြစ်ကြောင်း ဖက်စပ်လုပ်ငန်းမှ စီးပွားဖက်များ ဖြစ်ကြသည့် Stellantis နှင့် Guangzhou Automobile Group (GAC) တို့က တနင်္လာနေ့ (အောက်တိုဘာ ၃၁) တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံးကားစျေးကွက် ဖြစ်သည့် တရုတ်ပြည်တွင်း ဈေးကွက်တွင် ကမ္ဘာ့သက်တမ်းအရင့်ဆုံး brand ဖြစ်သည့် Jeep စာ် ကာလရှည်ကြာ ရောင်းအား ကျဆင်းနေခဲ့သောကြောင့် ဒေဝါလီ ခံလိုက်ကြခြင်း ဖြစ်သည်။
Stellantis က ဖက်စပ်လုပ်ငန်းတွင် အစုရှယ်ယာ ၅၀% ပိုင်ဆိုင်ထားသည်ကို ၇၅% သို့ တိုးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး GAC က Stellantis သည် တစ်ဖက်သတ်ကြေညာခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ရှယ်ယာ တိုးမြှင့်ပိုင်ဆိုင်ခြင်း မပြုနိုင်တော့သည့်အခါ Stellantis က GAC နှင့် ဖက်စပ်လုပ်ငန်းကို အဆုံးသတ်တော့မည်ဟု ၂၀၂၂ ဇူလိုင်လတွင် ရုတ်တရက် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
GAC က Stellantis ၏ ဆုံးဖြတ်ချက်အပေါ် အကြီးအကျယ် တုန်လှုပ်မိပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုနောက်ပိုင်းတွင် Stellantis သည် Jeep များကို တရုတ်ပြည်တွင် ထုတ်လုပ်ပြီး တရုတ်ဈေးကွက်ထဲ ရောင်းချခြင်းအစား ပြည်ပမှ တင်သွင်းပြီး တရုတ်ပြည်တွင်းဈေးကွက်ထဲတွင် ရောင်းချသည့် နည်းလမ်းကို ပြောင်းလဲသုံးစွဲသည်။ ပြည်ပမှ တင်သွင်းသည့်အတွက် သွင်းကုန်ခွန် ပေးဆောင်ရသဖြင့် ကားရောင်းဈေး မြင့်တက်စေသည်။
Stellantis စီအီးအို Carlos Tavares က တရုတ်ပြည်တွင်း ဈေးကွက်ထဲတွင် ရောင်းချနေသည့် Stellantis ၏ brand ၂ ခုဖြစ်သော Peugeot နှင့် Citroen တို့ကိုလည်း ပြည်ပမှ တင်သွင်းပြီး တရုတ်ကားဈေးကွက်ထဲ ရောင်းချသည့် နည်းလမ်းကို အသုံးပြုမည်ဟု ၂၀၂၂ အောက်တိုဘာလထဲတွင် ပြောကြားခဲ့သည်။ သို့ဖြစ်ရာ Stellantis သည် တရုတ်ပြည်တွင်း ကားထုတ်လုပ်မှုမှ ထွက်ခွာလိုက်ခြင်း ဖြစ်သည်။
တရုတ်ပြည်တွင်းဈေးကွက်တွင် ဖက်စပ်လုပ်ငန်းမှ Jeep Cherokee SUV နှင့် Compass crossover တို့၏ ရောင်းအားသည် ပြီးခဲ့သည့် လေးနှစ်တာအတွင်း သိသိသာသာ ထိုးကျသည်။ ၂၀၂၂ တွင် ရောင်းအားသည် စီးရေ ၂,၀၀၀ မပြည့်ချေ။ ၂၀၂၂ မေလတွင် တစ်လုံးမှ တစ်စီးသာ ရောင်းခဲ့ရသည်အထိ ဆိုးဝါးနေသည်။
၁၉၈၄ ခုနှစ်တွင် AMC က တရုတ်နိုင်ငံတွင် ဂျစ်ကားဖက်စပ်လုပ်ငန်းကို ရင်းနှီးမြှုပ်နှံ ထူထောင်ခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံတွင် ကားထုတ်လုပ်သည့် ပထမဆုံး အမေရိကန် brand ဖြစ်ခဲ့သည်။
AMC ပိုင်ဆိုင်မှု လက်ပြောင်းခဲ့ရာ AMC ကို Chrysler က ဝယ်ယူခဲ့သည်။ ထို့နောက် Chrysler ကို Fiat က ဝယ်ယူခဲ့သည်။ ၂၀၂၁ တွင် Stellantis ထူထောင်သည့်အခါ Fiat သည် Stellantis ထီးရိပ်အောက်သို့ ရောက်ရှိခဲ့ရာ တရုတ်ပြည်မှ ဂျစ်ကားဖက်စပ်လုပ်ငန်းသည် Stellantis လက်အောက်သို့ ပါလာခဲ့ခြင်း ဖြစ်ပါသည်။
Source reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U