စီးရေ ၁ သန်း ရောင်းရန် ရည်မှန်းချက်ဖြင့် Huawei က Seres နှင့် လက်မှတ်ရေးထိုး


စီးရေ ၁ သန်း ရောင်းရန် ရည်မှန်းချက်ဖြင့် Huawei က Seres နှင့် လက်မှတ်ရေးထိုး

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

ကားထုတ်လုပ်သူ Seres နှင့် နည်းပညာမဟာလုပ်ငန်းကြီး Huawei တို့သည် ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ထွက်ရှိရန် စီစဉ်ထားသည့် ပထမဆုံးသော ထိပ်တန်း မော်ဒယ်လ်သစ် မော်တော်ကား ပလက်ဖောင်းကို ပူးတွဲ လုပ်ကိုင်သွားကြမည်။

ထို့အတွက် မော်တော်ယာဉ်ကဏ္ဍ စီးပွားဖက် အဖြစ် သဘောတူစာချုပ်ကို Seres Group ၏ စွမ်းအင်အသစ်သုံးကား new energy vehicle (NEV) အမှတ်တံဆိပ် Seres နှင့် Huawei တို့ ၂၀၂၃ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ရှန်ကျန်းမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု Seres Group က ကြေညာချက် ထုတ်ပြန်သည်။

Huawei သည် ကားမော်ဒယ်အသစ်များကို သတ်မှတ်ရန်အတွက် ၎င်း၏စျေးကွက်နှင့် သုံးစွဲသူများ၏ လိုအင်ကို ထိုးထွင်းသိမြင်နိုင်သော စွမ်းရည်များကို အသုံးပြုမည်ဖြစ်သည်။

Seres သည် ရှိပြီးသားမော်ဒယ်များ၏ ထုတ်လုပ်မှု အတွေ့အကြုံကို အသုံးပြုပြီး ဆင့်ကဲ တိုးတက်ပြောင်းလဲရန်နှင့် မြှင့်တင်ရန် ၎င်း၏အပိုင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ကြေညာချက်‌တွင် ဖော်ပြထားသည်။

ကားပလက်ဖောင်းအသစ်၏ ကား‌ေမာ်ဒယ် အသစ်တိုင်းတွင် အဆင့်မြင့် ဉာဏ်ရည်ထက်မြက် မောင်းနှင်မှုစနစ်များ တပ်ဆင်ထားမည်ဟု Seres က ပြောကြားသည်။ မော်ဒယ်အသစ်များကို နောင်တစ်ချိန်တွင် ၎င်းပလက်ဖောင်းဖြင့် ထုတ်လုပ်သွားမည် ဖြစ်သည်။

Seres သည် ရည်မှန်းချက် မြင့်မားသော အစီအစဥ်များကို ပြောကြားခဲ့ရာ၌  ပူးတွဲစီးပွားရေးလုပ်ငန်းသည် ၂၀၂၆ ခုနှစ်တွင် NEV များ နှစ်စဉ်ထုတ်လုပ်မှုနှင့် ရောင်းအား ၁ သန်းအထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

    Advertisement

Click Here > Rhino

Seres က ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်များကို တည်ဆောက်ရာတွင် အားသာချက်များ ရရှိစေရန် Huawei သည်  ဉာဏ်ရည်ဉာဏ်သွေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ အသုံးပြုသူအတွေ့အကြုံ၊ အဆင့်မြင့် စမတ်ကျကျ မောင်းနှင်မှုနှင့် ယာဉ်မောင်းအတွက် HarmonyOS တို့ဖြင့် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Seres နှင့် Huawei တို့ကလ ဆန်းသစ်တီထွင်မှုစင်တာတစ်ခု ပူးပေါင်းထူထောင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

Huawei ရုံးချုပ်တည်ရှိရာ ရှန်ကျန်းမြို့တွင် ကျင်းပသည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့  Seres Group တည်ထောင်သူနှင့် ဥက္ကဋ္ဌ Zhang Xinghai ၊ Huawei ၏ မော်တော်ကားလုပ်ငန်းကဏ္ဍ အကြီးအကဲ Richard Yu ၊ Seres ရုံးချုပ် တည်ရှိရာ ချုံကင်းမြို့ အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ယခင်က Chongqing Sokon ဟုလူသိများသော Seres Group သည် Huawei ၏ မော်တော်ယာဥ်ကဏ္ဍတွင် အရေးကြီးဆုံးမိတ်ဖက်များထဲမှ တစ်ခုဖြစ်သည်။

Huawei သည် ၎င်း၏ အထင်ကရစတိုးဆိုင်များတွင် ကားများကို စတင်ရောင်းချမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်တွင် တရားဝင်ကြေညာခဲ့သည်။ ခရီးတာ တိုးချဲ့ extended-range နည်းပညာကို အသုံးပြုထားသည့် ပထမဆုံး မော်ဒယ် Seres SF5 SUV ကို စတင်ရောင်းချမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် Seres နှင့် Huawei တို့သည် AITO ဟုခေါ်သော ပရီမီယံ NEV အမှတ်တံဆိပ်ကို ပူးတွဲမိတ်ဆက်ခဲ့သည်။

AITO ၏ မော်ဒယ်များအဖြစ် M5 EREV (extended-range electric vehicle) နှင့် M7 EREV တို့ကို ထုတ်လုပ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင်  AITO ကို သုံးနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ပရီမီယံ စမတ်လျှပ်စစ်ကားအမှတ်တံဆိပ် ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း Huawei အမှုဆောင်အရာရှိက ပြောကြားခဲ့သည်။

Seres အပြင် မော်တော်ကားကဏ္ဍတွင် Huawei သည် Changan Automobile နှင့် Anhui Jianghuai Automobile Group Corp (JAC) နှင့်လည်း စီးပွားဖက် ပြုထားသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် Changan သည် ၎င်း၏အမှတ်တံဆိပ်အသစ် Avatr နှင့် Huawei နှင့် ကမ္ဘာ့အကြီးဆုံး အီးဗီဘက်ထရီ လုပ်ငန်းကြီး CATL တို့နှင့်အတူ ထုတ်လုပ်သည့် Avatr ပထမဆုံးမော်ဒယ် Avatr 11 ကို တရားဝင်ကြေငြာခဲ့သည်။

Avatr 11 ကို ဇန်န၀ါရီလတွင် မှာကြားထားသူတို့ထံ စတင်ပို့ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်အထိ ပေးပို့အစီးရေ ၂,၀၀၀ ကျော်သွားပြီဟု ၂၀၂၃ ဖေဖော်ဝါရီလ အစောပိုင်းတွင် Avatr က ကြေညာခဲ့သည်။

Source CnEVPost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 843 times