အမေရိကန်မှာ ဘက်ထရီ စက်ရုံ တည်ဆောက်ရန်  Honda ဘီးစလှိမ့်


အမေရိကန်မှာ ဘက်ထရီ စက်ရုံ တည်ဆောက်ရန်  Honda ဘီးစလှိမ့်

 အမေရိကန်နှင့် ကနေဒါတို့တွင် လစ်သီယမ်-အိုင်းယွန်းဘက်ထရီ ထုတ်လုပ်မှုများ လာမည့်ဆယ်စုနှစ်တွင် အရှိန်မြင့်တက်ပါလိမ့်မယ်။

သမ္မတဘိုင်ဒန်အစိုးရက အမေရိကန် ပြည်တွင်းအီး‌ဗီကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မက်လုံးများ ပေးအပ်တဲ့ မူဝါဒ ချမ‌ှတ်ကျင့်သုံးတာကတစ်ကြောင်း၊ အမေရိကန်အစိုးရ အလိုကိုမလိုက်လို့ ငြိုငြင်ရင် အမေရိကန်ကားဈေးကွက်ထဲ ခွဲခြားဆက်ဆံခံရဖွယ် ရှိနေတာကတစ်ကြောင်းတို့ကြောင့် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများက အမေရိကန်မှာ အီးဗီထုတ်လုပ်ဖို့ စက်ရုံတွေ ထူထောင်နေကြတဲ့အပြင် ဘက်ထရီစက်ရုံတွေလည်း ထူထောင်လျက်ရှိရာ Honda က တောင်ကိုရီးယားမှ LG Energy Solutions နှင့် လက်တွဲပြီး ဘက်ထရီစက်ရုံကို အမေရိကန်မှာ ထူထောင်လုပ်ကိုင်မှာ ဖြစ်ကြောင်း Honda က ကြေညာပါတယ်။
ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံဖြင့် ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ပြီး အမေရိကန်မှာ ဘက်ထရီ စက်ရုံ တည်ဆောက်ပါမယ်။

"အမှတ်တံဆိပ် ဂုဏ်သတင်း နာမည်ကြီးတဲ့ Honda နဲ့ ဖက်စပ်လုပ်ကိုင်တာဟာ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ မြောက်အမေရိကဈေးကွက်ရဲ့ လျှပ်စစ်ကား မြှင့်တင်ရေမှာ ကျွန်တော်တို့ အကောင်အထည်ဖော်နေတဲ့  အလယ်အလတ်နဲ့ ရေရှည်မဟာဗျူဟာများအတွက် နောက်ထပ်မှတ်တိုင်တစ်ခု စိုက်ထူလိုက်တာပါ" လို့ LG Energy Solution ၏ စီအီးအို Youngsoo Kwon က ပြောကြားပါတယ်။ 

ကားထုတ်လုပ်‌ေရး လုပ်ငန်းများက အမေရိကန်တွင် ဘက်ထရီစက်ရုံများ တည်ထောင်ရန်အလျင်အမြန် လုပ်ဆောင်နေကြပါတယ်။

General Motors နှင့် LG တို့ရဲ့ ဖက်စပ်လုပ်ငန်းက အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်မှာ  Ultium ဘက်ထရီဆဲလ်စက်ရုံ လုပ်ကိုင်နေပါတယ်။
အမေရိကန်နိုင်ငံ  ဂျော်ဂျီယာပြည်နယ်တွင် SK ကဘက်ထရီစက်ရုံ လုပ်ကိုင်နေတဲ့အပြင် Ford နှင့်အတူ လက်တွဲပြီး အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်နှင့် ကင်တပ်ကီပြည်နယ်တို့မှာ ဘက်ထရီ စက်ရုံများ တည်ဆောက်နေပါတယ်။
  
Volkswagen က ဂျော်ဂျီယာပြည်နယ်ရှိ SK ဘက်ထရီစက်ရုံမှ ဘက်ထရီများကို သုံးစွဲနေပြီး အမေရိကန်မှာ ဘက်ထရီစက်ရုံ တစ်ရုံ ထူထောင်ဖို့ စိုင်းပြင်းနေပါတယ်။

Stellantis ကလည်း LG နင့် လက်တွဲပြီး ကနေဒါမှာ  ဘက်ထရီထုတ်လုပ်မှုကို ၂၀၂၄ မှာ စတင်ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အမေရိကန်မှာတော့ Stellantis က Samsung SDI နှင့် လက်တွဲပြီး အင်ဒီယားနားမှာ စက်ရုံတစ်ရုံ တည်ဆောက်နေပြီး ၂၀၂၅ မှာ စတင်ထုတ်လုပ်ပါမယ်။

Honda နှင့်  LG တို့ကလည်း ၂၀၂၅ မှာ စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားကြပါတယ်။ 
Source arstechnica
#MyanmarAutomobileGuide 
 Telegram Channel  https://t.me/Guid4U

Read 2621 times