ပစ္စည်းပေးကွင်းဆက်ကို တရုတ်ပြည်ပြင်ပ အပြိုင်ထားရန် Honda စဉ်းစားသုံးသပ်


ပစ္စည်းပေးကွင်းဆက်ကို တရုတ်ပြည်ပြင်ပ အပြိုင်ထားရန် Honda စဉ်းစားသုံးသပ်

Honda Motor Co Ltd သည် တရုတ်နိုင်ငံအပေါ် ၎င်း၏ မှီခိုမှုကို လျှော့ချနိုင်ရန် ပစ္စည်းပေးသွင်းကွင်းဆက်တစ်ခုကို တရုတ်ပြည်ပြင်ပတွင် သီးခြားထားရှိရန် စဉ်းစားနေကြောင်း Sankei သတင်းစာက ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၂၄)တွင် ဖော်ပြခဲ့သည်။  ဂျပန်ကုမ္ပဏီကြီးများ အများအပြားတို့သည် တရုတ်နိုင်ငံတွင်  ပစ္စည်းအမျိုးမျိုး ထုတ်လုပ်‌ေပးသည့် အချက်အချာများကို တည်ဆောက်ခဲ့ကြသည်။ လတ်တလောတွင် တရုတ်နိုင်ငံမှာ ကိုဗစ်လော့ဒေါင်းများကြောင့် ထုတ်လုပ်မှု ပုံမ‌ှန် မဖြစ်တော့သည့် အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။

 

အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာမှုနှင့်အတူ တိုင်ဝမ်ကို ဗဟိုပြုသည့် ပြဿနာများသည်လည်း စိုးရိမ်ပူပန်စရာ ဖြစ်နေသည်။ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း Honda သည် မော်တော်ကားထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းနီးပါးကို တရုတ်နိုင်ငံ၌ ထုတ်လုပ်ခဲ့သည်။ တရုတ်ပြည်တွင်း ဈေးကွက်အတွက် မော်တော်ယာဉ် ထုတ်လုပ်မှုများကို တရုတ်ပြည်တွင်းရှိ ပစ္စည်းပေးသွင်းကွင်းဆက်ကို ဆက်လက်သုံးစွဲမည်။

တရုတ်ပြည်ပြင်ပ အခြားဈေးကွက်များအတွက် မော်တော်ယာဉ်များ ထုန်လုပ်ရန် တရုတ်ပြည်ပြင်ပရှိ ပစ္စည်းပေးသွင်းကွင်းဆက်ကို အသုံးပြုမည် ဖြစ်သည်။ တစ်နည်းဆိုရသော် တရုတ်ပြည်တွင်းတွင် ပစ္စည်းပေးသွင်း ကွင်းဆက်တစ်ခု ရှိနေမည် ဖြစ်ပြီး တရုတ်ပြည်ပြင်ပတွင်လည်း ပစ္စည်းပေးသွင်းကွင်းဆက်တစ်ခု တသီးတခြား အပြိုင်ထားရှိမည် ဖြစ်သည်။ ဟွန်ဒါပြောရေးဆိုခွင့်ရှိသူတစ်ဦးက Sankei သတင်းသည် ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခြင်း မဟုတ်ကြောင်း၊ ပစ္စည်းပေးသွင်းကွင်းဆက်ကို ယေဘုယျအားဖြင့် နစ်နာဆုံးရှုဲးနိုင်သည့်အရေးများ စဉ်းစားသုံးသပ်နေကြောင်း ပြောကြားသည်။

 

ဂျပန်အစိုးရက ကုမ္ပဏီများကို ဂျပန်နိုင်ငံသို့ ပြန်လည်‌ေရွှ့‌ေပြာင်းထုတ်လုပ်ရန် မက်လုံးများယခင်က ပေးခဲ့ဖူးသည်။  သို့သော် ဂျပန်လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး အချက်အချာကျသော စျေးကွက်တစ်ခုဖြစ်လာအောင် အဆင့်ဆင့် တည်ဆောက်ခဲ့ပြီး အသားကျနေရာမှ ရုတ်တရက် ထွက်ခွာ‌ရွှေ့ပြောင်းရန် ရန် ခက်ခဲလိမ့်မည် ဟု လေ့လာဆန်းစစ်သူတို့က သုံးသပ်သည်။

 

မည်သို့ပင်ဆိုစေကာမူ အချို့သောကုမ္ပဏီများသည် ရှန်ဟိုင်းတွင် တင်းကျပ်သော COVID-19 လော့ဒေါင်းများအပြီးတွင် တရုတ်နိုင်ငံအပေါ်  မှီခိုအားထား‌ေနရခြင်းကို လျှော့ချရန် ကြိုးပမ်းနေပြီဖြစ်သည်။ ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်း Mazda Motor Corp က တရုတ်ပြည် လော့ဒေါင်းများကြောင့်  ပစ္စည်းပေးသွင်းမှုများကို မတည်မငြိမ်ဖြစ်စေပြီး ဧပြီလနှင့် မေလတွင် ပြည်တွင်းထုတ်လုပ်မှုကို ၁၁ ရက်ကြာ ပိတ်ပစ်ခဲ့ရပြီးသည့်နောက်တွင် ၎င်းထံ ယာဉ်အစိတ်အပိုင်းများ ပေးသွင်းရောင်းချသူများအား ဂျပန်နိုင်ငံတွင် ပစ္စည်း အပိုအလျှံ သိုလှောင်မှုတိုးမြှင့်ရန်နှင့် တရုတ်နိုင်ငံပြင်ပတွင် အစိတ်အပိုင်းများထုတ်လုပ်ရန် တောင်းဆိုမည်ဖြစ်ကြောင်း ယခုလတွင် ပြောကြားခဲ့သည်။

 

 ရေရှည်တွင် မော်ဒယ်အသစ်များ ဒီဇိုင်းထုတ်ရန်အတွက် ပေးသွင်းသူများနှင့် စာချုပ်များ ချုပ်ဆိုသည့်အခါတွင် ပြည်တွင်း၌ သိုလှောင်မှုပမာဏ ပိုမိုမြင့်မားခြင်းနှင့် တရုတ်နိုင်ငံပြင်ပတွင် ထုတ်လုပ်မှု ပြုခြင်းတို့ကို သဘောတူစာချုပ်တွင်  ထည့်သွင်းချုပ်ဆိုရန်  ကြိုးပမ်းသွားမည်ဟု Mazda မှ ပြောကြားခဲ့သည်။

 

Source Reuters 

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 1389 times