အီးဗီအတွက် အခဲဘက်ထရီ အပေါ်  Honda  လောင်းကြေးထပ်


အီးဗီအတွက် အခဲဘက်ထရီ အပေါ်  Honda  လောင်းကြေးထပ်

Honda Motor သည် အခြားဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းများနည်းတူ လျှပ်စစ်ကားများဆီသို့ ကူးပြောင်းရန် နှေးကွေးနေသော်လည်း အီးဗီ ဘက်ထရီများနှင့်ပတ်သက်လာသောအခါတွင် ကြီးထွားလာနေသော စျေးကွက်ထဲ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများဖြင့် လောင်းကြေးထပ်ထားသည်။ 

Honda သည် တောင်ကိုရီးယားမှ ဘက်ထရီထုတ်လုပ်သည့် LG Energy Solution နှင့် ပူးပေါင်းကာ အမေရိကန်တွင် ကန်ဒေါ်လာ ၄.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး  အီးဗီဘက်ထရီစက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 
ထိုရင်းနှီးမြှုပ်နှံမှုသည် အီးဗီဘက်ထရီကဏ္ဍထဲ Honda Motor  ပထမဆုံးအကြိမ် ဘီးစလှိမ့်ခြင်း မဟုတ်ပေ။

Honda Motor  သည် All-solid-state ဘက်ထရီများ ထုတ်လုပ်သည့် ရှေ့ပြေးထုတ်လုပ်မှုလိုင်းကို စတင်ရန်အတွက် ယန်း ၄၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၃၁၀) သုံးစွဲမည်ဖြစ်ကြောင်း ယခင်က ထုတ်ပြန်ကြေညာခဲ့သည်။ 
Honda Motor အနေဖြင့် All-solid-state အခဲဘက်ထရီ နည်းပညာသည် နောက်မျိုးဆက်သစ် နည်းပညာဖြစ်လာမည်ဟု အခိုင်အမာ ယုံကြည်သဖြင့် အခဲဘက်ထရီတွင် လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။ 

တိုကျိုမြို့မြောက်ဘက်ရှိ ဟွန်ဒါ၏ သုတေသနစင်တာတွင် တည်ရှိသော ၎င်းရှေ့ပြေးထုတ်လုပ်မှုလိုင်းကို ၂၀၂၄ နွေဦးတွင် အစမ်းထုတ်လုပ်မှုများ စတင်မည် ဖြစ်သည်။ 
အစမ်းထုတ်လုပ်မှုများဖြင့်  စွမ်းဆောင်ရည်အတွက်  နည်းပညာဆိုင်ရာ ပြဿနာများကို ဆန်းစစ်မည်။ အမြောက်အမြား ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်များ အပါအဝင် အခြေအနေ အရပ်ရပ်ကို  အကဲဖြတ်မည်ဖြစ်သည်။
 
Honda က ၎င်း၏ လျှပ်စစ်ကားများတွင် အခဲဘက်ထရီကိုသာ သုံးစွဲလိုသည်။ အခဲဘက်ထရီကို Honda ၏ လျှပ်စစ်မော်တော်ဆိုင်ကယ်များတွင်လည်း အသုံးပြုမည် ဖြစ်သည်။ 

 တရုတ်နိုင်ငံတွင် Honda သည် ကမ္ဘာ့ နံပါတ်(၁)ဘက်ထရီလုပ်ငန်း CATL နှင့် ပူးပေါင်းထားသည်။ အမေရိကန်တွင် Honda သည် ကမ္ဘာ့ နံပါတ်(၂)ဘက်ထရီလုပ်ငန်း LG Energy Solution နှင့် ပူးပေါင်းထားသည်။

Solid-state အခဲဘက်ထရီများသည်  လျှပ်လိုက်ရည် (လျှပ်စစ်စီးနိုင်သော အရည်) electrolytes  အသုံးပြုခြင်းအစား လျှပ်လိုက်အခဲဖြစ်သည့်  အစိုင်အခဲ electrolytes ကို အသုံးပြုထားပြီး အစားထိုးသည့် လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများကို အစားထိုး နေရာယူနိုင်လိမ့်မည်ဟု  မျှော်လင့်ထားပါသည်။

  • Solid-state အခဲဘက်ထရီများ၏  အဓိကကျသည့်အားသာချက်များမှာ
  • စွမ်းအင် သိုလှောင်မှု ပိုကောင်းမွန်သဖြင့် ခရီးတာ ပိုဝေးဝေး မောင်းနှင်နိုင်စေခြင်း၊
  • ဘက်ထရီ မီးထလောင်ခြင်း ဖြစ်ပွားရန် ဖြစ်နိုင်ခြေ ပိုနည်းပါးခြင်း

တို့ ဖြစ်ပါသည်။ 


Nissan Motor ကလည်း အခဲဘက်ထရီများကို ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အမြောက်အမြား ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားပါသည်။ လက်ရှိတွင် အသုံးများသည့် နီကယ်၊ မန်းဂနိစ် ၊ ကိုဘော့ တို့ကို ၎င်းထုတ်လုပ်မည့် ဘက်ထရီများတွင် သုံးစွဲခြင်းမပြုဘဲ ဆာလဖာကို အခြေပြုထားသည့် ပစ္စည်းများကိုသာ သုံးစွဲနိုင်ရန် သုတေသန လုပ်ကိုင်လျက် ရှိသည်။ 

အစမ်းထုတ်လုပ်မှုများကို ၂၀၂၄ တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားရှိ ၎င်း၏ စက်ရုံတွင် လုပ်ကိုင်မည်ဖြစ်သည်။ 

Toyota Motor နှင့် Panasonic Holdings တို့သည် ဖက်စပ်ကုမ္ပဏီတစ်ခု ထူထောင်ထားပြီး  Solid-state ဘက်ထရီများကို တီထွင်ထုတ်လုပ်လျက်ရှိသည်။
Toyota သည် ဘက်ထရီ နှင့် ပတ်သက်သော မူပိုင်ခွင့်များ အများအပြား ရှိနေသည်ဖြစ်ရာ ကမ္ဘာပေါ်တွင် ဘက်ထရီ နှင့် ပတ်သက်သော မူပိုင်ခွင့်များ အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည်။

တိုကျိုအခြေစိုက် သုတေသနပညာရှင် Fuji Keizai ၏ အဆိုအရ  ကမ္ဘာ့ solid-state ဘက်ထရီစျေးကွက်သည်  ၂၀၁၉  ခုနှစ်တွင် ယန်း ၁.၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၃၅ တွင် ယန်း ၂၁. ၁ ထရီလီယံ ဖြစ်လာမည်။

ဥရောပမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း  Volkswagen က အမေရိကန်မှ ဘက်ထရီ ဖွံ့ဖြိုးရေးလုပ်ငန်း QuantumScape တွင် ရင်းနှီးမြှုပ်နှံထားသည်။ 

BMW က Ford Motor နှင့် ပူးပေါင်းပြီး အမေရိကန်မှ လုပ်ငန်းငယ် အသစ် ဖြစ်သော Solid Power  တွင် ပြီးခဲ့သည့်နှစ်တွင် အစုရှယ်ယာများ ဝယ်ယူထားသည်။ ၂၀၂၅ တွင် BMW  က အခဲဘက်ထရီများကို ၎င်း၏ ကားမော်ဒယ်များတွင် တပ်ဆင်ပြီး စမ်းသပ်သုံးစွဲရန် အစီအစဉ် ရေးဆွဲထားသည်။  အခဲဘက်ထရီ ထပ်ဆင်ထားသော ကားများကို ၂၀၃၀ ခုနှစ်တွင် စတင်ရောင်းချမည် ဖြစ်သည်။ 

လက်ရှိအနေအထားတွင် အခဲဘက်ထရီကို အငယ်စားများကိုသာ အမြောက်အမြား ထုတ်လုပ်နိုင်သည်။ အီလက်ထရွန်းနစ် ပစ္စည်းများတွင် သုံးစွဲရန် အတွက်သာ ဖြစ်သည်။ အီးဗီအတွက် အရွယ်အစား ကြီးကြီးမားမားနှင့် အမြောက်အမြား ထုတ်လုပ်နိုင်ရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ဆောင်နေကြသည်။ အရင်ဆုံးအောင်မြင်စွာ ထုတ်လုပ်နိုင်သည့် ကားထုတ်လုပ်ရေး လုပ်ငန်းသည် အီးဗီဈေးကွက်တွင် အထက်စီးမှ နေရာရယူနိုင်မည် ဖြစ်သည်။ 
Source asia.nikkei
#MyanmarAutomobileGuide
 Telegram Channel  https://t.me/Guid4U

Read 5458 times