အခုအချိန်မှာ ၁၃၀၀ စီစီကားများထဲမှ လူကြိုက်အများဆုံးနှင့် အရောင်းအဝယ်အဖြစ်ဆုံးကားကို ပြောပါဆိုရင် Honda Fit Series ထဲက GE6 နှင့် GK3 တို့ကိုရွေးချယ်ရပါလိမ့်မယ်။
Honda Fit ရဲ့ Generation တွေကို ခွဲခြားမယ်ဆိုရင် ပထမမျိုးဆက်ဖြစ်တဲ့ GD1 ကို ၂၀၀၁ မိုဒယ်ကနေ ၂၀၀၇ မိုဒယ်အထိ၊ ဒုတိယမျိုးဆက်ဖြစ်တဲ့ GE6 ကို ၂၀၀၈ မိုဒယ်ကနေ ၂၀၁၃ မိုဒယ်အထိထုတ်လုပ်ခဲ့ပြိး နောက်ဆုံးမျိုးဆက်ဖြစ်တဲံ GK3 ကိုတော့ 2013 Late မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
၂၀၁၃ မိုဒယ်ကစပြီး ထုတ်လုပ်ခဲ့တဲ့ Honda fit ရဲ့ နောက်ဆုံးမျိုးဆက်မှာ ချက်စီနံပါတ်အလိုက် GK3, GK4, GK5, GK6 ဆိုပြီးကွဲပြားသွားပါတယ်။ GK5 နှင့် GK6 တို့က ၁၅၀၀ စီစီဖြစ်တဲ့အတွက် တင်သွင်းမှုမရှိခဲ့သလို GK4 ကလည်း ၁၃၀၀ စိစိဖြစ်ပေမဲ့ 4WD ဖြစ်လို့ ဈေးကွက်အနေအထားအရ လူကြိုက်နည်းပြီး GK3 တစ်မျိုးတည်းကိုသာ လူကြိုက်များပါတယ်။
အင်ဂျင်အမျိုးအစား
Honda Fit GK3 ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး GE6 နှင့် အပြင်ပိုင်း/အတွင်းခန်းအပြင်အဆင်တွေလုံးဝကွဲပြားသွားသလို အင်ဂျင်လည်းပြောင်းလဲသွားပါတယ်။ GK3 ရဲ့အင်ဂျင်မိုဒယ်က L13B(iH-VTEC) ဖြစ်ပြီး ကီလို ၁၄၀ အထိအမြင့်ဆုံးမောင်းနှင်နိုင်ပါတယ်။
ဈေးနှုန်း
၂၀၁၃၊ ၂၀၁၄ မိုဒယ် GK3 ကိုနယ်လိုင်စင်နံပါတ်အမြင့်ထဲက ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၂၄၀ နှင့် ၂၇၀ ကြားမှာရှိပါတယ်။ ရန်ကုန်လိုင်စင်နံပါတ်အမြင့်ကားက ကျပ်သိန်း ၂၇၀ ဝန်းကျင်မှာရှိပြီး စတိနံပါတ်ကားကို စလစ်ကပ်ဝယ်ယူမယ်ဆိုရင်တော့ ကျပ်သိန်း ၃၃၀ ဝန်းကျင်မှာရှိပါတယ်။ GE6 နှင့် GK3 ကြားမှာရုပ်ပြောင်းသွားသလို အတွင်းခန်းအပြင်အဆင်တွေ အားလုံးလည်း မတူညီတော့ပါဘူး။
အပြင်ပိုင်း နှင့် အတွင်းခန်း အပြင်အဆင်
GE 6 ရဲ့ Original TV က ပစောက်ပုံစံလာပေမဲ့ GK3 မှာတော့ ရှစ်လက်မရှိတဲ့လေးထောင့်တီဗီနဲ့လာပါတယ်။ နောက်ပြီး ဒက်ရှ်ဘုတ်၊ ဒိုင်ခွက်ပုံစံနဲ့ အတွင်းခန်းထိုင်ခုံတွေကအစ ပြောင်းသွားပါတယ်။ ၂၀၁၃ မိုဒယ် GK3 မှာ G, G F Package, G L Package စတာတွေရှိပြီး G နှင့် G F Package ကတော့ ရိုးရိုး Grade ဖြစ်လို့ Manual Aircon ဖြစ်သလို Original TV လည်းမပါတာများပါတယ်။ G L Package မှာတော့ Aircon Auto ဖြစ်သွားသလို Smart Key နှင့် Original TV လည်းပါရှိသွားပါတယ်။ နောက်ပြီး GL Package မှာ Steering Volume Control နှစ်ဖက်နှင့် ရှေ့/နောက် Spoiler ပါသွားပါတယ်။