အမေရိကန်မှာ အရောင်းရဆုံး Honda Civic က ဂျပန်မှာ အရောင်းထိုင်းတာ ဘာကြောင့်လဲ


အမေရိကန်မှာ အရောင်းရဆုံး Honda Civic က ဂျပန်မှာ အရောင်းထိုင်းတာ ဘာကြောင့်လဲ

Honda Civic က အမေရိကန်မှာ အရောင်းရဆုံး အိမ်စီးကား နံပါတ်(၁) ဖြစ်နေခဲ့တာ ၂၀၂၁ ခုနှစ်အထိ ၆ နှစ်ဆက်တိုက် ရှိပါပြီ။
C segment 'စီ' အပိုင်းအကန့် မှာ အရောင်းရဆုံးကား ဖြစ်နေခဲ့တာ ၂၀၂၁ ခုနှစ်အထိ ၁၂ နှစ် ဆက်တိုက်ရှိပါပြီ။
Civic က ဂျပန်မှာတော့ အရောင်းထိုင်းပါတယ်။ နှိုင်းယှဉ်ကြည့်ရင် သူ့ထက် ဈေးပိုကြီးတဲ့ Toyota Alphard က Civid ထက် ၁၇ ဆ ရောင်းအားသာပါတယ်။ Alphard ၁၇ စီးရောင်းရရင် Civid က တစ်စီးပဲ ရောင်းရတဲ့အခြေအနေမှာ ရှိနေပါတယ်။

ယေဘုယျအားဖြင့် ပြောရင် ဈေးသက်သာတဲ့ကားအမျိုးအစားတွေက ဈေးကြီးတဲ့ ဇိမ်ခံကားအမျိုးအစားတွေထက် ရောင်းအားပိုကောင်းတယ်။ ဂျပန်ကတော့ ခြွင်းချက်ဖြစ်ပါတယ်။

 

 

Toyota Sienta ထက် Toyota Alphard ကို လူတွေ ပိုဝယ်ကြတယ်။ Honda Civic ထက်လည်း ပိုဝယ်ကြတယ်။
ဂျပန်ပြည်တွင်းဈေးကွက်မှာ Honda က ထုတ်တဲ့ Freed က Civic ထက် ရောင်းအား ၁၀ ဆ သာပါတယ်။
ဂျပန်မြို့ပြမှာ နေကြသူတေ‌ွအဖို့ နေရေးက စီးရေးထက် အရင်လာပါတယ်။ အိုးအိမ်တိုက်ခန်း ဈေးကြီးတယ်။ ကားစီးဖို့ကို နောက်မှစဉ်းစားတယ်။ ကားရပ်ဖို့နေရာ ရှားတယ်။ စက်သုံးဆီတွေကို ပြည်ပမှ တင်သွင်းပြီး သုံးစွဲရတယ်။ ယာဉ်ကြောကျပ်တယ်။ အစိုးရရဲ့မူဝါဒက ကိုယ်ပိုင်ကား စီးတာကို အားမပေးဘူး။ အများဆုံးယာဉ်တွေနဲ့ သွားလာစေလိုတယ်။ ကားကို ညသိပ်ဖို့ ရပ်နားခ ပေးရတယ်။ အခမဲ့ ညဘက်ရပ်ထားဖို့နေရာက အတော်ရှားတယ်။ သံစင်တွေဆောက်ပြီး ကားတွေ ရပ်ထားဖို့ စီစဉ်ထားရတယ်။ 

 

 


မဖြစ်မနေလုပ်ရတဲ့ မော်တော်ယာဉ် စစ်ဆေးမှု ခံယူခြင်း (Shaken) ကလည်း စရိတ်ထောင်းတယ်။ ကားသက်တမ်း ၅ နှစ်ကျော်သွားရင် အလွန်စရိတ်ကြီးတယ်။
ကားအသစ်ဝယ်ရင် ကားဟောင်းသွားတဲ့အခါ အရည်ကြိုဖို့ စရိတ်စကကို တစ်ခါတည်း ကြိုပေးထားရတယ်။ ယာဉ်ရပ်နားခွန်ကိုလည်း ပေးရတယ်( kei ယာဉ်အငယ်စားတွေကိုတော့ ကင်းလွတ်ခွင့် ပေးထားတယ်) 
အဲဒီလို ပေးစရာရှိတာတွေကို ပေးသွင်းပြီးမှ နံပါတ်ပြား ရရှိမှာ ဖြစ်ပါတယ်။ 

 

ကားရပ်နားဖို့ နေရာတွေက ကျဉ်းတော့ ဘေးဖွင့်တံခါးဆိုရင် နေရာကျယ်ဖို့ လိုတယ်။ လျှောတံခါးက နေရာကျဉ်းကျဉ်းမှာ အတက်အဆင်း လုပ်လို့ ရတာကြောင့် လျှောတံခါးမော်ဒယ်ကို အများစုက ဦးစားပေး ရွေးချယ်ကြပါတယ်။

အဲဒီအချက်ကြောင့် လျှောတံခါးမော်ဒယ် Alphard က ရောင်းအား ပိုကောင်းတယ်။

 

 


Honda ရဲ့ လျှောတံခါးမော်ဒယ် Freed က Civid ထက် ရောင်းအားပိုကောင်းပါတယ်။
၂၀၂၂ ပထမ၃လပတ်မှာ Honda Freed ၂၀,၆၉၂ စီး ရောင်းရတယ်။ Honda Civic က စီးရေ ၂,၀၀၀ အောက် ရောင်းရတယ်။ Freed ရောင်းအားက Civid ထက် ၁၀ ဆ သာတယ်။
ဈေးနှုန်းတွေကို ယှဉ်ကြည့်ရင် Freed က Civid ထက် ၃၀% ဈေးသက်သာနေတာကလည်း Freed ကို ဝယ်ဖို့ ရွေးချယ်စေတဲ့အချက် တစ်ချက် ဖြစ်ပါတယ်။ 
၂၀၂၂ ပထမ ၃ လပတ်မှာ Toyota Corolla ရောင်းအား ၁၃၃,၄၂၀ စီး ရှိပါတယ်။ Toyota Corolla မော်ဒယ် ၆ မျိုး   Corolla Cross, Euro-style Corolla Sport hatchback, Corolla Sedan, Corolla Touring, Corolla Axio, Corolla Fielder စုစုပေါင်းရောင်းအား ဖြစ်ပါတယ်။

 

 

Honda ရဲ့ မော်ဒယ်တွေထဲမှာ အရောင်းရဆုံး မော်ဒယ်က Honda N-Box ဖြစ်ပါတယ်။
ဂျပန်ပြည်တွင်းဈေးကွက်မှာ အရောင်းရဆုံး နံပါတ်(၁) ဖြစ်နေတာ ၆ နှစ်ဆက်တိုက် ရှိပါပြီ။
လျှောတံခါး မီနီ‌ဗင် Honda N-Box ကို ၂၀၂၂ ပထမ၃လပတ်မှာ ၆၄,၁၇၈ စီး ရောင်းခဲ့ပါတယ်။
အနီးစပ်ဆုံး ပြိုင်ဘက်က Daihatsu Tanto ဖြစ်ပါတယ်။ Daihatsu Tanto က စီးရေ ၂၆,၉၃၆ ဖြစ်လို့ N-Box ထက် အများကြီး နည်းပါတယ်။

 

Read 1036 times