ထိုင်းမှာ ဘက်ထရီစက်ရုံထူထောင်ရန် Honda စဉ်းစားသုံးသပ်


ထိုင်းနိုင်ငံ အီးဗီကဏ္ဍအတွက် ဘက်ထရီတွေကို ထိုင်းနိုင်ငံမှာ စက်ရုံထူထောင်ပြီး ထုတ်လုပ်ဖို့ စဉ်းစားသုံးသပ် နေကြောင်း Honda Automobile (Thailand) က ပြောကြားပါတယ်။ ထိုင်းနိုင်ငံမှာ အီးဗီအတွက် ဘက်ထရီများ ထုတ်လုပ်ခြင်းဖြင့် ဂျပန်မှ တင်သွင်းရတာ လျှောချနိုင်မှာ ဖြစ်ပါတယ်။ တင်သွင်းသုံးစွဲရတဲ့အတွက် အကုန်အကျ ပိုများတာကြောင့် ကားထုတ်လုပ်စရိတ် ပိုများနေစေတာကြောင့် ပြည်တွင်းမှာ ထုတ်လုပ်သုံးစွဲဖို့ သုံးသပ်တာ ဖြစ်ပါတယ်လို့ Honda Automobile (Thailand) ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် Noriyuki Takakura က ပြောကြားပါတယ်။

 "ကမ္ဘာ့ကားဈေးကွက်က အီးဗီတွေဆီ ရွေ့နေတယ်ဆိုတာ ကျွန်တော်တို့ သတိမူမိပါတယ်။ ဒီတော့ စီးကြောင်းကို အမီလိုက်ဖို့ နည်းပညာတွေမှာ ကျွန်တော်တို့ ဆက်လက် ရင်းနှီးမြှုပ်နှံမှု ပြုသွားပါမယ်" လို့ သူက ပြောပါတယ်။ 
မိခင်ကုမ္ပဏီ Honda Motor Co က အီးဗီနဲ့ လောင်စာဆဲလ် ၂မျိုး ထုတ်လုပ်မှုကို လောင်စာဆီ ကားထုတ်လုပ်မှုအစား ပြောင်းလဲ ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၄၀ ခုနှစ်မှာ ၎င်းအမျိုးအစားနှစ်မျိုးကိုသာ ရာနှုန်းပြည့် ထုတ်လုပ်မှာ ဖြစ်ပြီး ဓာတ်ဆီဒီဇယ်ဆီကား ထုတ်လုပ်မှု ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ 

ထိုင်းကားဈေးကွက်မှာတော့ Honda Automobile (Thailand) က hybrid electric vehicle (HEV) နဲ့ battery electric vehicle (BEV) ၂ မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ HEV ကို အဝယ်လိုက်ပေမဲ့ BEV က ဝယ်စီးလိုသူ နည်းပါးနေပါတယ်။ 
BEV ခေတ်ကို လုံးလုံးလျားလျား ရောက်ဖို့က အချိန်မကျသေးဘူးလို့ သူက သုံးသပ်ပါတယ်။
" Honda က ဈေးကွက်မှာ ဦးဆောင်နေရာ ရရှိဖို့ အတွက် HEV ထုတ်လုပ်မှု တိုးမြှင့်ပါမယ်" လို့  Mr Takakura က ပြောကြားပါတယ်။
၂၀၂၁ မှာ Honda ကားစီးရေ ၈၅,၀၀၀ ရောင်းချနိုင်မယ်လို့ သူက မျှော်မှန်းထားပါတယ်။

Automobile (Thailand) က Honda HR-V ကို HEV မော်ဒယ် အသစ်သုံးမျိုးဖြင့် ထုတ်လုပ်ပြီး ရောင်းဈေးက ဘတ် ၉၇၉,၀၀၀ မှ ၁.၁ သန်းအထိ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ sport utility vehicle (SUV) ဈေးကွက်မှာ မော်ဒယ်အသစ် စီးရေ ၂၀,၀၀၀ ကို ပထမတစ်နှစ်အတွင်း ရောင်းချဖို့ Honda က ရည်မှန်းထားပါတယ်။

 

#Myanmar Automobile Guide

Read 2685 times