တရုတ်လိပ်ခုံးကား GWM Ora Punk Cat


GWM (Great Wall Motors) ရဲ့ လက်ခွဲအမှတ်တံဆိပ်ဖြစ်တဲ့ Ora က ဘက်ထရီအားသုံး လိပ်ခုံးကားကို ထုတ်လုပ်မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်မှာ Beetle လို့ အမည်တွင် ကျော်ကြားတဲ့ လိပ်ခုံးကား ပုံစံကို ယူထားတဲ့ ကားမော်ဒယ်နှစ်မျိုး ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ 

GWM Ora Punk Cat က Volkswagen လိပ်ခုံးကား  Beetle ရဲ့ ကိုယ်ထည်ဒီဇိုင်းကို ပုံတူယူထားပြီး ကားပုံကို တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ များမကြာခင်မှာ ကားရောင်းသူတွေထံ ရောက်ရှိလာတော့မယ်လို့ ဆိုပါတယ်။ မူကွဲတစ်ခုအဖြစ်  Ballet Cat  မော်ဒယ်ကိုလည်း ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ 

 

 

CarNewsChina မီဒီယာမှာ ဖော်ပြချက်အရ GWM Ora Punk Cat  ကားတစ်စီးလုံး လိပ်ခုံးကားနဲ့ ဘေဘုယျအားဖြင့် ဆင်ဆင်တူအောင် လုပ်ထားပေမဲ့ အသေးစိတ်မှာတော့ ကွဲလွဲမှုတွေ ရှိပါတယ်။ ဘန်ဘာတွေ ပုံစံပြောင်းပေးထားတယ်။ ဘက်ထရီအားသွင်းပေါက်ကို ရှေ့ဘက်မှာ ထားတယ်။ တံခါးဘောင် နောက်ကြည့်မှန်တွေ ဒီဇိုင်း ပြောင်းထားတယ်။ ဘီးခွေက အလွိုင်ဘီးခွေ သုံးထားတယ်။ ကားလိုင်စင်နံပါတ်ပြား ထားရမယ့်နေရာကိုလည်း နေရာရွှေ့ထားတယ်။ 

 


Ballet Cat ကို အရောဖျော့နဲ့ ထုတ်လုပ်မယ်။ ရှေးမူမပျက်တဲ့ စတိုင်လ်ဖြစ်ပြီး ဘီးမှာ ဘီးဖုံးပါမယ်။ နောက်ကြည့်မှန်တွေကို ကိုယ်ထည်အရောင် မသုံးဘဲ ခရုန်း သုံးထားတယ်။ 

GWM Ora Punk Cat နဲ့ Ballet Cat တို့ကို ထုတ်လုပ်မယ့်ရက် နီးကပ်နေပြီ ဖြစ်ပေမဲ့ ကားတွေရဲ့ပါဝါနဲ့ ဘက်ထရီအားအပြည့်ဖြည့်ထားရင်း သွားနိုင်မယ့် ခရီးတာတို့ကို ထုတ်ပြန် အသိပေးခြင်း မရှိသေးပါဘူး။ 

မူရင်းမူလ လိပ်ခုံးကား ကိုယ်ထည်ဒီဇိုင်းကို မိတ္တူကူးထားပေမဲ့ GWM က အီးယူရဲ့ European Union Intellectual Property Office (EUIPO) မှာ ကားဒီဇိုင်းကို တင်ပြပြီး မူပိုင်ခွင့် လျှောက်ထားခဲ့တာ မူပိုင်ခွင့်ကို အတည်ပြုပေးခဲ့ပါတယ်။  မူပိုင်ခွင့် သက်တမ်း ၅ နှစ် ရရှိခဲ့ပါတယ်။ သက်တမ်းထပ်တိုးနိုင်ပြီး အများဆုံး ၂၅ နှစ်အထိ ရနိုင်ပါတယ်။ 
Volkswagen Beetle ရဲ့ မူပိုင်ခွင့်တွေစာ သက်တမ်း ၂၅ နှစ်ကျော်လွန်ခဲ့ပြီဖြစ်လို့ မူပိုင်ခွင့် ပျက်ပြယ်သွားခဲ့ပါပြီ။ ဒါပေမဲ့ New Beetle  ကို ၁၉၉၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့ဖူးတာကြောင့် Volkswage အနေဖြင့် ကန့်ကွက်လိုပါက ကန့်ကွက်ခွင့် ရှိတယ်လို့ မူပိုင်ခွင့် ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 
 

Read 1527 times