လော့စ်အိန်ဂျယ်လိစ်မြို့မှာ GMW Taskman လျှပ်စစ်သုံးဘီး မိတ်ဆက်


သုံးဘီး ပစ္စည်းပို့ လျှပ်စစ်မော်တော်ယာဉ်ကို အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မှာ ကျင်းပတဲ့ AutoMobility ပွဲမှာ နိုဝင်ဘာလ ၁၇ ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။
အမေရိကန် ကုမ္ပဏီ BILITI Electric က အဆိုပါ သုံးဘီးကားကို GMW Taskman လို့ အမည်ပေးထားပါတယ်။ မြို့တွင်းပစ္စည်းပို့ ဝန်ဆောင်မှု လုပ်ငန်းသုံး မော်တော်ယာဉ် အဖြစ် ဒီဇိုင်းထုတ်ထားပါတယ်။ 
ဘက်ထရီအတွက် SmartSwapp ဘက်ထရီနည်းပညာ သုံးစွဲထားပါတယ်။ အဲဒီနည်းပညာက အားကုန်နေတဲ့ ဘက်ထရီကို အားပြည့်တဲ့ ဘက်ထရီနဲ့ အလုံးလိုက် အမြန်ဖြုတ်လဲလို့ ရစေပါတယ်။ ပြောင်းတပ်လိုက်တဲ့ ဘက်ထရီကို တသ်မိနစ် အားသွင်းလိုက်ရင် အားအပြည့် ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။ အလုံးလိုက်မလဲဘဲ အားသွင်းမယ်ဆိုရင် အချိန် ၃ နာရီခွဲ ကြာပါတယ်။
GMW Taskman ဟာ SmartSwapp နည်းပညာ ပထမဆုံး သုံးစွဲတဲ့ လျှပ်စစ်သုံးဘီးကား ဖြစ်ပါတယ်။

မြို့တွင်းပစ္စည်းပို့ မော်တော်ယာဉ် GMW Taskman သုံးဘီးကားက အမြန်နှုန်း တစ်နာရီ မိုင် ၃၀ (၄၈ ကီလိုမီတာ) အထိ မောင်းနှင်နိုင်ပါတယ်။
ကုန်ပစ္စည်းအလေးချိန်  ပေါင် ၁,၅၀၀ (၆၈၀ ကီလိုဂရမ်) အထိ သယ်ပို့ န်ုင်ပါတယ်။
အားအပြည့်သွင်းပြီး မိုင်၁၁၀ (၁၇၇ ကီလိုမီတာ) အထိ သွားနိုင်ပါတယ်။
Taskman ကို နိုင်ငံများနှင့် ဒေသများ ၁၅ ခုမှာ သုံးစွဲနေပြီး စုစုပေါင်း မိုင်ပေါင်းသန်း ၂၀ အသုံးပြုပြီး ဖြစ်ပါတယ်။ အထုပ်ပေါင်း ၁၂ သန်း ပစ္စည်းပေးပို့ခဲ့ပြီးပြီဖြစ်ပါတယ်။

Taskman ကို အမှိုက်ကားအဖြစ်လည်း ထုတ်လုပ်ပါတယ်။ DumpSTAR လို့အမည်ပေးထားပါတယ်။ လျှပ်စစ်ကားဖြစ်တာကြောင့် ညဘက် လူခြေတိတ်ချိန်မှာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အမှိုက် လိုက်သိမ်းနိုင်ပါတယ်။ အမှိုက်စို အမှိုက်ခြောက် သီးခြားတင်ဖို့ အကန့်ခွဲပေးထားတယ်။ အမှိုက်သွန်ချဖို့ ဟိုက်ဒြောလစ်စနစ် ပါတယ်။

ပေါ်တူဂီမှာ GMW Taskman ကို လမ်းတွေပေါ် မောင်းနှင်ဖို့ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါတယ်။ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၁၁,၄၄၀ ဖြစ်ပါတယ်။ အမှိုက်ကား DumpSTAR ရောင်းဈေးက အမေရိကန်ဒေါ်လာ ၁၃,၇၃၀ ဖြစ်ပါတယ်။ အပိုဘက်ထရီ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၂,၇၅၀ ဖြစ်ပါတယ်။

Read 1080 times