အမေရိကန်ကားဈေးကွက်ထဲ GM နှစ်ပေါင်း ၉၀ ဆောင်းခဲ့တဲ့သရဖူကို Toyota ရယူ


အမေရိကန်ကားဈေးကွက်ထဲ GM နှစ်ပေါင်း ၉၀ ဆောင်းခဲ့တဲ့သရဖူကို Toyota ရယူ

အမေရိကန်နိုင်ငံ ကားအသစ်ရောင်းချတဲ့ ဈေးကွက်ထဲမှာ ၂၀၂၁ ခုနှစ်အတွက် ရောင်းရစီးရေမှာ Toyota က General Motors (GM)ထက် စီးရေ ၁ သိန်းဝန်းကျင် ပိုများခဲ့ပြီး ပထမနေရာ ဗိုလ်စွဲပါတယ်။
ကိုဗစ်နာလန်ထ ဈေးကွက်ထဲ တက်လာတဲ့ ရောင်းအားကို ဖြည့်ဆည်းဖို့ ကားအသစ်ထုတ်လုပ်ဖို့ ချစ်ပ်နဲ့တကွ ယာဉ်အစိတ်အပိုင်းတွေ အချိန်မီ လိုသလောက်မရတဲ့ အခက်အခဲကို မော်တော်ယာဉ် ထုတ်လုပ်သူတွေ ရင်ဆိုင်ခဲ့ကြရတယ်။

အမေရိကန်နိုင်ငံ ကားအသစ်ဈေးကွက်မှာ ၂၀၂၁ ခုနှစ်အတွင်း Toyota က စီးရေ ၂.၃ သန်း ရောင်းချခဲ့ပြီး GM က ၂.၂ သန်း ရောင်းချခဲ့ပါတယ်။
၁၉၃၁ ခုနှစ်ကတည်းက စလို့ နှစ်ပေါင်း ၉၀ တိုင်တိုင် ပထမနေရာမှာ သရဖူဆောင်းထားတဲ့ GM ထံမှ သရဖူကို Toyota က ရယူလိုက်တာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်တုန်းက Toyota က စတုတ္ထနေရာမှာ ရှိနေခဲ့ပါတယ်။ GM က ပထမ၊ Ford က ဒုတိယ၊ DaimlerChrysler က တတိယ မှာ ရှိနေခဲ့ကြပါတယ်။

GM ရဲ့ အဓိက အခက်အခဲက အဝယ်လိုက်နေတဲ့ ပစ်ကပ်ထရပ် နှစ်မျိုးကို ချစ်ပ်နဲ့ ယာဉ်အစိတ်အပိုင်း အချိန်မီ အလုံအလောက်မရလို့ စီးရေ လျှော့ထုတ်ခဲ့ရလို့ ရောင်းအားမှာ စီးရေလျော့ကျခဲ့ရတာ ဖြစ်ပါတယ်။ လော့ဒေါင်းကြောင့် စီးရေလျှေိာ့ထုတ်ခဲ့ရတဲ့ ၂၀၂၀ ခုနှစ်ထက် ၂၀၂၁ မှာ စီးရေ ထပ်လျှော့ပြီး ထုတ်ခဲ့ရပြန်ပါတယ်။ GM ရဲ့ ပစ်ကပ်ထရပ် Silverado ကို စီးရေ ၆၄,၀၀၀ ၊ Sierra ကို စီးရေ ၄,၀၀၀ လျှော့ထုတ်ခဲ့ရပါတယ်။

 Mazda က ၂၀၂၀ ထက် ၂၀၂၁ မှာ ၂၀% ရောင်းအားတက်ခဲ့ပါတယ်။ CX-3 မော်ဒယ် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပြီး ကျန်မော်ဒယ်တွေ အားလုံး ၂၀၂၀ ထက် ရောင်းအားပိုကောင်းခဲ့ပါတယ်။

ဂျာမနီမှ အရည်အသွေးမြင့် performance-car ထုတ်လုပ်သူ Porsche လည်း ၂၀၂၁ မှာ ရောင်းအား ၂၂ % တိုးခဲ့ပါတယ်။
  
 Mitsubishi က အ‌ခြေအနေ ကောင်းတဲ့နှစ်ကို မောင်းနှင်ခဲ့ပါတယ်။ ရောင်းကား ၁၇% နီးပါး တိုးခဲ့ပါတယ်။ ၂၀၀၇ က စလို့ တစ်နှစ်တာမှာ စီးရေ ၁ သိန်းကျော် ရောင်းရတာ ၄ နှစ်ဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ်။ 
 
လိမ်ဖယ်လိမ်ဖယ် မောင်းနှင်နေတဲ့ Nissan က ၂၀၂၁ မှာ ၂၀၂၀ ထက် ရောင်းအား ၉% လျော့ကျပါတယ်။

Ford အပါအဝင် ကားထုတ်လုပ်ရေး လုပ်ငန်းအချို့က တစ်နှစ်တာ ရောင်းအားကို မထုတ်ပြန် သေးပါဘူး။ လာမယ့် သီတင်းပတ်တွေမှာ ထုတ်ပြန်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

autoblog.com

Read 4970 times