အိန္ဒိယမှာ ပိတ်သိမ်းထားတဲ့ကားစက်ရုံ GM ရောင်းချရန် ခွင့်ပြုချက်မကျ


အိန္ဒိယမှာ ပိတ်သိမ်းထားတဲ့ကားစက်ရုံ GM ရောင်းချရန် ခွင့်ပြုချက်မကျ
 

General Motors (GM) က သောကြာနေ့(ဇူလိုင် ၁ ရက်)မှာ အိန္ဒိယနိုင်ငံရှိ ၎င်းရဲ့ ပိတ်သိမ်းထားတဲ့ စက်ရုံ အရောင်းကို ပြန်ရုပ်သိမ်းလိုက်ရပါတယ်။ 

အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကြီး GM ရဲ့ အဆိုပါစက်ရုံကို တရုတ်နိုင်ငံမှ Great Wall Motor က ဝယ်ယူဖို့ သဘောတူညီထားပြီးပြီဖြစ်ပါတယ်။ စက်ရုံရောင်းချဖို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံ အတည်ပြု ခွင့်ပြုမိန့် တောင်းခံခဲ့ရာ ခွင့်ပြုမိန့် မရရှိလို့ အရောင်းအဝယ် ပွဲပျက်သွားတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ်  တင်းမာတဲ့ ရပ်တည်ချက် သဘောထားများ ထားရှိတာကြောင့် တရုတ်ကားထုတ်လုပ်ရေး လုပ်ငန်းထံ ရောင်းချဖို့ ခွင့်ပြုမိန့် မကျတာ ဖြစ်ပါတယ်။

 Great Wall က ကြီးထွားလာနေတဲ့ အိန္ဒိယကားဈေးကွက်မှာ ကန်ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံဖို့ လျာထားပြီး ၎င်းလျာထားချက်ထဲမှ ကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် GM ရဲ့ စက်ရုံကို ဝယ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

 

GM နှင့် Great Wall တို့ စက်ရုံအရောင်းအဝယ်ကိစ္စ  သဘောတူညီမှု  ၂၀၂၀ ဇန်နဝါရီလမှာ ရရှိခဲ့ပါတယ်။  ရောင်းချဖို့ ခွင့်ပြုမိန့် မကျဘဲ ကြန့်ကြာနေတာကြောင့် အရောင်းအဝယ်စာချုပ်ကို သက်တမ်း ၂ ကြိမ် တိုးခဲ့ရပြီး  ၂၀၂၂ ဇွန်လ ၃၀ ရက်မှာ စာချုပ်သက်တမ်း ထပ်မံ သက်တမ်းကုန်ခဲ့ပါတယ်။

"လိုအပ်တဲ့ အတည်ပြုချက်တွေကို သဘောတူညီချက်ရဲ့ အချိန်ဘောင်အတွင်းမှာ ကျွန်တော်တို့ မရယူနိုင်ခဲ့ပါဘူး” လို့ GM International မှ ညွှန်မှူး George Svigos က ပြောကြားပါတယ်။

'အိန္ဒိယအတွက် ကျွန်‌ေတာ်တို့ရဲ့ မဟာဗျူဟာ မပြောင်းလဲပါဘူး။  ယခုအခါမှာ စက်ရုံရောင်းချမှုအတွက် နောက်ထပ် လုပ်လို့ရမယ့် နည်းလမ်းများကို  ရှာဖွေပါမယ်" လို့ သူက ပြောကြားပါတယ်။ စက်ရုံတန်ဖိုးအတွက် ထိုက်တန်တဲ့ ရောင်းဈေးနှုန်း ရရှိဖို့ ကုမ္ပဏီက မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားပါတယ်။

Great Wall Motor က ၎င်းစက်ရုံ အရောင်းအဝယ် ပွဲပျက်ကြောင်းကို ဇူလိုင်လ ၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး "Great Wall Motor သည် အနာဂတ်တွင် အိန္ဒိယဈေးကွက်ကို ဆက်လက်အာရုံစိုက်ထားပြီး အခွင့်အလမ်းသစ်များကို ဆက်လက်ရှာဖွေမည်ဖြစ်သည်" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကံခေတာလို့ ဆိုနိုင်ပါတယ်။

GM နှင် Great Wall တို့က အရောင်းအဝယ် သဘောတူညီချက် ၂၀၂၀ ဇန်နဝါရီလမှာ ရရှိခဲ့ကြတယ်။ ၃ လအကြာ ဧပြီလမှာ အိန္ဒိယအစိုးရက တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများအပေါ် တင်းကျပ်လိုက်ပါတယ်။  အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။ တရုတ်မိုဘိုင်းအက်ပ် ခုရေ ၃၀၀ ကျော်ကို အိန္ဒိယအစိုးရက ပိတ်ပင်ခဲ့တယ်။

GM စက်ရုံရောင်းချဖို့အတွက် ခွင့်ပြုချက် ရေစုံမျောသွားခဲ့ပါတယ်။

GM နှင့် Great Wall တို့ ၂ နှစ်ကျော်ကြာ ကြိုးပမ်းအားထုတ်မှု အဆုံးသတ်သွားခဲ့ပြီး GM က စက်ရုံအတွက် ဝယ်လက် ရှာဖွေခြင်းကို ပြန်လည် စတင်ပါတယ်။ မရောင်းရသေးခင်မှာတော့ စက်ရုံမှ စက်များ၊ ကိရိယာများ မယိုယွင်းအောင် ထိန်းသိမ်းထားဖို့ ကုန်ကျစရိတ်များ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

GM က အိန္ဒိယကားဈေးကွက်ထဲ ကားရောင်းချနေတာကို ၂၀၁၇ နှစ်ကုန်မှာ ရပ်ခဲ့ပါတယ်။ GM က အခြားစက်ရုံ တစ်ရုံကို တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း SAIC Motor Corp ထံ ရောင်းချခဲ့ပြီး SAIC က စက်ရုံမှာ ၎င်းပိုင်ဆိုင်တဲ့ ဗြိတိန်ကား brand  MG Motor ဖြင့်  ကားထုတ်လုပ်ပြီး အိန္ဒိယကားဈေးကွက်မှာ ရောင်းချပါတယ်။ 

Great Wall ရဲ့ ကမ္ဘာ့မဟာဗျူဟာအရ ဈေးကွက်အသစ်များအဖြစ် အိန္ဒိယ၊ လက်တင်အမေရိက၊ ထိုင်း၊ ဘရာဇီး ကားဈေးကွက်များကို ထိုးဖောက်ဝက်ရောက်ပြီး ခြေကုပ် ရယူဖို့ ကြိုးပမ်းလျက်ရှိရာ အိန္ဒိယမှာ အဆင်မပြေသေးတဲ့အတွက် အိန္ဒိယမှ ဝန်ထမ်းအချို့ကို ဘရာဇီးသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ အိန္ဒိယအတွက် လျာထားတဲ့ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဘရာဇီးမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

#MyanmarAutomobileGuide


 Telegram Channel

https://t.me/Guid4U

Read 618 times