တရုတ်ထိပ်တန်း ကားလုပ်ငန်း Geely လက်ထဲသို့ တရုတ်စမတ်ဖုန်း brand Meizu ရောက်ရှိ
တရုတ်ထိပ်တန်း ကားလုပ်ငန်း Geely ရဲ့ လက်အောက်ခံ လုပ်ငန်းခွဲက စမတ်ဖုန်း Meizu ထူထောင်သူထံမှ ရှယ်ယာ ၇၉% ကို ဝယ်ယူလိုက်ပါတယ်။
၂၀၀၇ မှာ ထူထောင်ခဲ့တဲ့ Meizu က တစ်ချိန်တစ်ခါက လူကြိုက်အများဆုံး တရုတ်စမတ်ဖုန်း ဖြစ်ခဲ့ဖူးပါတယ်။ Xiaomi, Honor, Oppo, Vivo အပါအဝင် ပြိုင်ဘက် brands တွေကို အရေးနိမ့်ခဲ့ပါတယ်။
Alibaba Group Holding က ကျောထောက်နောက်ခံ ပြုပေးထားတဲ့ Meizu ကို Zhejiang Geely Holding Group ရဲ့ လက်အောက်ခံလုပ်ငန်းက ဝယ်ယူလိုက်ပြီး မော်တော်ယာဉ်တွေအတွက် ဒစ်ဂျစ်တယ် ပလက်ဖောင်း ဖွံ့ဖြိုးရေးကို လုပ်ကိုင်မယ်လို့ ဆိုပါတယ်။
Geely ထူထောင်သူ Li Shufu က ရင်းနှီးမြှုပ်နှံထားတဲ့ Hubei Xingji Shidai Technology ကလည်း စမတ်ဖုန်းလုပ်ငန်း ဖြစ်ပါတယ်။ Hubei Xingji Shidai Technology က Meizu ရဲ့ ရှယ်ယာ ၇၉.၀၉ % ကို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။
Meizu လတ်တလောနှစ်များအတွင်း အရှုံးပေါ်နေတဲ့ စမတ်ဖုန်း brand ဖြစ်ပါတယ်။ ဒါပေမဲ့ Meizu ဆီမှာ ကားထုတ်လုပ်တဲ့ လုပ်ငန်းအတွက် ထောက်ကူပေးနိုင်မယ့် နည်းပညာတွေ ရှိနေပါတယ်။
တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ Meizu ရဲ့ ဈေးကွက်ဝေစုက ၁% အောက်မှာပဲ ရှိပါတယ်။ ယခုနှစ် ပထမပတ် ၃ လပတ်မှာ ဈေးကွက်ဝေစု ၀.၁% အထိ ကျဆင်းခဲ့တယ်လို့ စင်ကာပူ အခြေစိုက် လေ့လာဆန်းစစ်ရေးလုပ်ငန်း IDC ရဲ့ အချက်အလက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Xingji Shidai က Meizu ရှယ်ယာတွေကို ဝယ်ယူခဲ့ရာမှာ Meizu ထူထောင်သူ Huang Xiuzhang ထံမှ ရှယ်ယာများကို ဝယ်ယူခဲ့ရာ Huang Xiuzhang က ယခင် ၄၉% ပိုင်ဆိုင်ခဲ့ရာမှ ယခု ၉.၈% သာ သူ့လက်ထဲ ကျန်ပါတော့တယ်။
Meizu ကို ကျောထောက်နောက်ခံပြုပေးနေတဲ့ Alibaba Group Holding ရဲ့ လက်အောက်ခံလုပ်ငန်း Taobao China Software က ပိုင်ဆိုင်ထားသမျှ ရှယ်ယာအားလုံး ၂၇% ကို ရောင်းလိုက်ပါတယ်။ တစ်နည်းပြောရင် Alibaba Group နဲ့ Meizu တို့ မပတ်သက်တော့ဘဲ Geely ရဲ့ အရိပ်အောက်ကို Meizu ရောက်ရှိသွားပါတယ်။
Xinji Shidai က စမတ်ဖုန်း မထုတ်ရသေးပါဘူး။ နောက်နှစ်မှာ ပထမဆုံးစမတ်ဖုန်းကို ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ရောင်းချဖို့ ထုတ်လုပ်မှာ မဟုတ်ဘဲ Geely ရဲ့ တန်းမြင့် အိမ်စီးပြိုင်ကား အသစ် ထုတ်လုပ်ရောင်းချတဲ့အခါမှာ ကားဝယ်ယူသူကို လက်ဆောင်ပေးဖို့ စမတ်ဖုန်းကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ တန်းမြင့် အိမ်စီးပြိုင်ကားများအတွက် မရှိမဖြစ် လိုအပ်တဲ့ တွဲလုံးအဖြစ် စမတ်ဖုန်းကို ဒီဇိုင်းထုတ်ပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Source SCMP