၄ဘီးတပ်မယ့် အိုင်ဖုန်း တပ်ဆင်တဲ့ Foxconn


Apple ရဲ့ အိုင်ဖုန်း အပါအဝင် ထုတ်ကုန်တွေကို ကန်ထရိုက်ယူပြီး တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ Foxconn က ကမ္ဘာ့မော်တော်ယာဉ်ထုတ်လုပ်မှုမှာ ကြီးစိုးထားနိုင်တဲ့ အနေအထားကို ရအောင် ယူမယ်လို့ သံန္နိဋ္ဌာန် ချထားပါတယ်။ 

Foxconn  ရဲ့ အကြီးအကဲ Young Liu  က ၂၀၁၅ ခုနှစ်ကျရင် ကမ္ဘာ့လျှပ်စစ်မော်တော်ယာဉ် (ဝါ) အီးဗီ ထုတ်လုပ်မှုကဏ္ဍမှာ ဒီဇိုင်းထုတ်ခြင်း၊ အစိတ်အပိုင်းများ ထုတ်လုပ်တပ်ဆင်ခြင်း စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်သုံး ဆော့ဖ်ဝဲလ် ဖန်တီးခြင်း အစရှိတာတွေကို လုပ်ကိုင်ပြီး ဈေးကွက်ဝေစု အနည်းဆုံး ၅ % ရရှိအောင် လုပ်ဆောင်မယ်လို့ သံန္နိဋ္ဌာန် ချထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 


Foxconn ဟာ ကန်ထရိုက်စနစ်ဖြင့် အိမ်သုံးအီလက်ထရွန်နစ်ပစ္စည်းတွေ တပ်ဆင်ထုတ်လုပ်ပေးတဲ့ လုပ်ငန်းတွေထဲမှာ ကမ္ဘာ့အကြီးဆုံး လုပ်ငန်း ဖြစ်ပါတယ်။ Apple အတွက် အကြီးမားဆုံး ကန်ထရိုက်လုပ်ငန်းလည်း ဖြစ်ပါတယ်။ Foxconn  က ကားထုတ်လုပ်ဖို့ စိတ်ကူးရှိခဲ့ပြီး လက်တွေ့လည်း လုပ်ကိုင်ခဲ့ပါတယ်။ 

Foxconn ထူထောင်သူနဲ့ ဥက္ကဋ္ဌဟောင်း Terry Gou က ကုမ္ပဏီတွင်း အစည်းအဝေးတွေမှာ “ငါတို့က အိုင်ဖုန်းတွေ လုပ်ပေးနိုင်တယ်ဆိုတော့ ငါတို့က EVs [electric vehicles] လျှပ်စစ်မော်တော်ယာဉ်တွေကို ဘာလို့ လုပ်မပေးနိုင်ရမှာလဲ”  လို့ တိုက်တွန်းပြောဆိုနေကျ ဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ်မှာ Gou  က ကုမ္ပဏီတွင်း စီမံကိန်းတစ်ခုကို ကျောထောက်နောက်ခံပြုပေးခဲ့ပြီး စီမံကိန်းကို  “A-Fu Initiative” လို့ အမည်ပေးထားကြတယ်။ စီမံကိန်းက လျှပ်စစ်ကားစစ်စစ်တစ်စီး ရှေ့ပြေးပုံစံကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ပါဝင်တဲ့ ဝန်ထမ်းတွေကို စီမံကိန်း အောင်မြင်ခဲ့ရင် ကုမ္ပဏီရဲ့ ရှယ်ယာပိုင်ဆိုင်ခွင့် ဆုချမယ်လို့ ကတိပေးခဲ့တယ်။ 

A-Fu initiative က ကြာကြာမခံလိုက်ဘူး။ ကားတစ်စီး ပြုလုပ်ရတာက ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးနေတာ လက်တွေ့သိကြရတယ်။ ဒါပေမဲ့ စိတ်ကူးကိုတော့ လက်မလျှော့ခဲ့ဘူး။ အခု Foxconn  က ကားထုတ်လုပ်ရေးစိတ်ကူးကို ပြန်အသက်သွင်းပြီး လမ်းခရီးတစ်ဝက်လောက်ကို ရောက်နေပြီလို့ ဆိုတယ်။ 

မော်တော်ယာဉ် ထုတ်လုပ်လုပ်ငန်း ကွန်ရက်က ပိရမစ်ပုံသဏ္ဍာန် ဖြစ်ပါတယ်။ အောက်ပိုင်းမှာ မော်တော်ယာဉ် အစိတ်အပိုင်းတွေ စက်အစိတ်အပိုင်းတွေ ထုတ်လုပ်ပေးနေတဲ့ လုပ်ငန်းတွေ ရှိတယ်။ အဆင့်ဆင့် အလွှာလွှာ ရှိနေတယ်။ ရလာတဲ့ အစိတ်အပိုင်းတွေကို တပ်ဆင်ပြီး စက်ပစ္စည်းတစ်ခု ဖြစ်အောင် တည်ဆောက်ပေးတဲ့ လုပ်ငန်းတွေက အလယ်နားမှာ ရှိတယ်။ ထိပ်ချွန်ပိုင်းမှာတော့ မော်တော်ယာဉ်တစ်စီး ဖြစ်လာအောင် တပ်ဆင်ပေးနေတဲ့ လုပ်ငန်းတွေ ရှိတယ်။ 
ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုတည်းက ကားတစ်စီးလုံး လိုအပ်သမျှ ထုတ်လုပ်ပြီး တပ်ဆင်ခြင်း မရှိဘူး။ ပစ္စည်းပေးသွင်းတဲ့ လုပ်ငန်းတွေထံမှ ရယူပြီး တပ်ဆင်ထုတ်လုပ်တာ ဖြစ်ပါတယ်။ အဲဒီ ပိရမစ်ရဲ့ အဆင့်ဆင့် အလွှာလွှာ ဝင်ကစားလို့ ရနိုင်မယ့်နေရာတွေမှာ Foxconn က ဝင်ရောက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ 
အဲဒါအပြင် Foxconn မှာ ပိုကြီးမားတဲ့ ရည်မှန်းချက်တွေလည်း ရှိနေတာ အမှန်ပါပဲ။

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက Gou ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ Young Liu က အီးဗီလုပ်ငန်းနယ်ပယ်မှာ တွင်ကျယ်ဖို့ ခြေလှမ်းတွေ လှမ်းတယ်။ အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့မှာ စက်ရုံတွေ တည်ဆောက်ဖို အစီအစဉ် ရှိကြောင်း အသိပေးကြေညာခဲ့တယ်။ ဥရောပမှာလည်း စက်ရုံဖို့ နေရာလိုက်ရှာနေကြောင်း ထည့်သွင်းပြောကြားသွားတယ်။ 

Foxconn ရဲ့ လက်အောက်ခံ လုပ်ငန်းတွေက အီလက်ထရွန်းနစ် ပစ္စည်းကိရိယာတွေကို Tesla ကနေ BMW အထိ ကားထုတ်လုပ်သူတွေထံ ပေးနေကြတာမှာ ဒက်ရှ်ဘုတ်အပြဒိုင်ခွက်ကအစ ဆားကစ်ဘုတ်တွေအဆုံး ပါဝင်တယ်။ ပလတ်စတစ်သား၊ သတ္တုသားတို့ဖြင့် ပြုလုပ်ထားတဲ့ အစိတ်အပိုင်းတွေလည်း ထုတ်လုပ်ပေးသွင်းနေတာမို့ ကားထုတ်လုပ်ဖို့အတွက် Foxconn က အစိမ်းသက်သက်တော့ မဟုတ်ဘူး။

ကားထုတ်လုပ်တဲ့ ကုမ္ပဏီအချို့နဲ့လည်း ဖက်စပ်လုပ်ငန်းတွေ ထူထောင်ထားတာမှာ ကမ္ဘာ့စတုတ္ထအကြီးမားဆုံး ကားလုပ်ငန်းဖြစ်ပြီး Fiat Chrysler ကို ပိုင်ဆိုင်တဲ့ Stellantis နဲ့ ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ထားတယ်။ တရုတ်မှ ထိပ်တန်းကားလုပ်ငန်း  Geely နဲ့လည်း ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ထားတယ်။ 

Foxconn က အမာထည်တွေ အမြောက်အမြား တပ်ဆင်ထုတ်လုပ်တာမှာ နာမည်ရပေမဲ့ အပျော့ထည် ဆော့ဖ်ဝဲပိုင်းမှာ အားနည်းနေတာကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ 
 

Read 478 times