ကားသင်္ဘော Felicity Ace ပေါ်မှ ကားများမီးလောင်ဆုံးရှုံးမှု ဒေါ်လာ သန်း ၄၀၀ ဟု ခန့်မှန်း


ကားသင်္ဘော Felicity Ace ပေါ်မှ ကားများမီးလောင်ဆုံးရှုံးမှု ဒေါ်လာ သန်း ၄၀၀ ဟု ခန့်မှန်း

ပေါ်တူဂီ ကမ်းရိုးတန်း Azores Islands အနီး မီးလောင်နေတဲ့ ကားသင်္ဘော Felicity Ace ပေါ်မှာ  ကားစီးရေ ၄,၀၀၀ ဝန်းကျင် ရှိနေပြီး အရေအတွက် အတိအကျကို လူသိရှင်ကြား ထုတ်ဖော်ကြေညာခြင်း မပြုသေးပေ။ ကုမ္ပဏီတွင်း ပေးပို့တဲ့ အီးမေးလ်မှာတော့ စီးရေ ၃,၉၆၅ လို့ ဖော်ပြထားပါတယ်။

Volkswagen က VW, Porsche,  Audi ကားများ ထောင်ဂဏန်း Felicity Ace  ပေါ်မှာ ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

Porsche ကားကုမ္ပဏီက Porsche စီးရေ ၁,၁၀၀ စီး ပါကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ယူကေအခြေစိုက် လေ့လာဆန်းစစ်ရေး လုပ်ငန်း  Russell Group က သင်္ဘောမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု ပမာဏ အမေရိကန် ဒေါ်လာ ၄၃၈ သန်း ရှိမယ်လို့ ခန့်မှန်းပါတယ်။ ကားတွေအတွက် ဆုံးရှုံးမှုက ကားအကုန်လုံး မီးလောင်ဆုံးရှုံးခဲ့ရင် အမေရိကန်ဒေါ်လာ ၄၀၁ သန်း ရှိမယ်လို့ ခန့်မှန်းပါတယ်။ 
 
Felicity Ace က ဖေဖော်ဝါရီလ ၁၆ ရက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှ Embden မှာ ကားတွေ တင်ခဲ့ပါတယ်။ အမေရိကန်သို့ တင်ပို့တဲ့ကားတွေ ဖြစ်ပါတယ်။ Embden မှာ Volkswagen ရဲ့ အကြီးမားဆုံး ကားထုတ်လုပ်ရေး စက်ရုံ တစ်ရုံ ရှိပါတယ်။

Felicity Ace  ပေါ်မှ ကားတွေထဲမှာ လျှပ်စစ်ကားတွေလည်း ပါဝင်ပြီး လျှပ်စစ်ကားမှာပါတဲ့ လစ်သီယမ်-အိုင်းယွန်း lithion-ion ဘက်ထရီက မီးငြိမ်းရ ခက်နေစေပါတယ်။ 

Russell Group ရဲ့ ညွှန်ချုပ် Suki Basi က "မီးလောင်တဲ့ ကားအရေအတွက်က ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များမှာ  မရေရာမှုကို ပိုဆိုးစေလိမ့်မယ်။ ချစ်ပ်တွေ အလုံအလောက် မရကြလို့ ကားထုတ်လုပ်သူတွေ အကျပ်အတည်း ဆိုးဝါးနေချိန်မှာ ကားအသစ်တွေ အစားထိုး ထုတ်လုပ်ဖို့ နှောင့်နှေးမှုတွေ ရှိလိမ့်မယ်" လို့ သုံးသပ်ပါတယ်။

 


သင်္ဘောသား ၂၂ ဦးပါပြီး အားလုံး မီးစလောင်စဉ်မှာ အသက်ကယ်လှေဖြင့် သင်္ဘောမှ စွန့်ခွာခဲ့ကြပြီး အားလုံးကို ရေနံတင်သင်္ဘောတစ်စီးက ကယ်တင်နိုင်ခဲ့ပါတယ်။ ကုန်းပေါ်အထိ ပို့ဆောင်ပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။ 

 


 သင်္ဘောပေါ်မှာ လူမကျန်တော့လို့ ရေစီးထဲ မျောပါနေပါတယ်။ ပေါ်တူဂီရေတပ်မှ ဆက်လက်စောင့်ကြည့်ပေးနေပါတယ်။

ယခုအထိ ဆီယိုထွက်ခြင်း မရှိ၊ သင်္ဘောကလည်း တည်တည်ငြိမ်ငြိမ်ဖြင့် တည့်မတ်နေဆဲ ဖြစ်ပါတယ်။ အထဲမှာ လောင်စရာ ကုန်လုနီးပါးဖြစ်လို့ မီးညွှန့်ကျိုးသွားပြီလို့ သိရပါတယ်။ 

အကြီးစား တွန်း/ဆွဲရေယာဉ် နှစ်စီးကို ကားသင်္ဘောဆီ စေလွှတ်ထားပါတယ်။ 

 

ကနဦးသတင်း 
Porsche ကားများ တင်ဆောင်လာသည့် ကားသင်္ဘော မီးလောင်မှု ဖြစ်ပွား
 

Read 683 times