ကြွေးနွံတွေကြားမှ မောင်းထွက်လာတဲ့ Evergrande  လျှပ်စစ်ကား Hengchi 5


ကြွေးနွံတွေကြားမှ မောင်းထွက်လာတဲ့ Evergrande  လျှပ်စစ်ကား Hengchi 5

တရုတ်အိမ်ရာအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းစုကြီး China Evergrande Group ရဲ့ ရင်းနှီးမြှုပ်နှံမှု အစုစုမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Evergrande New Energy Vehicle Group က လျှပ်စစ် အိမ်စီးကား စတင်ထုတ်လုပ်ပါတယ်။ အီးဗီ ထုတ်လုပ်ရေးဟာ Evergrande ရဲ့ အခရာကျတဲ့ လုပ်ငန်းအဖြစ်သို့ ရောက်ရှိလာမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ကုမ္ပဏီရဲ့ အဦးဆုံး လျှပ်စစ်အိမ်စီးကား Hengchi 5 ကို ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ မြောက်ပိုင်း တီယန်ကျင်းမြို့ရှိ ကားစက်ရုံမှာ စတင် ထုတ်လုပ်ခဲ့ပြီး SUV အမျိုးအစားမော်ဒယ် ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ စီအီးအို Hui Ka Yan က လာမယ့် ၁၀ နှစ်အတွင်း အီးဗီကို ကုမ္ပဏီရဲ့ အခရာကျတဲ့ လုပ်ငန်းကဏ္ဍအဖြစ်သို့ ရောက်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။
အပြည့်အဝ လျှပ်စစ်ကားဖြစ်တဲ့ Hengchi 5 ကို လျာထားတဲ့ရက်ထက် ၁၂ ရက် စောပြီး စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Evergrande New Energy Vehicle Group ရဲ့ ဗွေဆော်ဦးကား အဖြစ် မှတ်တိုင်စိုက်ထူပါတယ်။


မိခင်လုပ်ငန်း Evergrande က အိမ်ရာအဆောက်အဦလုပ်ငန်းကဏ္ဍ မှာ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံကျော် ကြွေးနွံနစ်နေချိန်မှာ လက်အောက်ခံ လုပ်ငန်းစု Evergrande New Energy Vehicle Group က အီးဗီ မော်ဒယ်အချို့ ထုတ်လုပ်ရန် စီစဉ်ထားတဲ့အနက်  Hengchi 5  မော်ဒယ် တစ်မျိုးတည်းသာ အမြောက်အမြား ထုတ်လုပ်တဲ့ အဆင့်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Hengchi 5 က အားအပြည့်သွင်းပြီးရင် ခရီးတာ ကီလိုမီတာ ၇၀၀ ( ၄၃၅ မိုင် ) အထိ သွားနိုင်တယ်။ ရောင်းဈေးက ယွမ် ၂၀၀,၀၀၀ ( ကန်ဒေါ်လာ ၃၁,၄၅၀ ) ဖြစ်ပါတယ်။

Evergrande New Energy Vehicle Group က ၂၀၂၀ ဩဂုတ်လမှာ ပြောကြားခဲ့တာမှာ အကြီးမားဆုံး နဲ့ စွမ်းပကား အထက်မြက်ဆုံး စွမ်းအင်သစ် မော်တော်ယာဉ် လုပ်ငန်းစုကြီး အဖြစ်သို့ ၃ နှစ်မှ ၅ နှစ်အတွင်း ရောက်ဖို့ ရည်မှန်းချက် ထားရှိကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။
၂၀၂၅ မှာ တစ်နှစ်လျှင်ကားစီးရေ ၁ သန်း၊ ၂၀၂၅ မှာ တစ်နှစ်လျှင် ကားစီးရေ ၅ သန်းအထိ ထုတ်လုပ်ရောင်းချတဲ့ အဆင့်သို့ ရောက်ရှိဖို့ ပန်းတိုင် ထားရှိပါတယ်။

ကမ္ဘာ့ကားထုတ်ရေးလုပ်ငန်းများအကြား ရှယ်ယာစုစုပေါင်း ဈေးကွက်တန်ဖိုး အများဆုံးဖြစ်တဲ့ Tesla ရဲ့ ကားထုတ်လုပ်ရောင်းချနေတဲ့ နှုန်းက တစ်နှစ်လျှင် စီးရေ ၉၃၆,၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။

တရြတ်ပြည်က ကမ္ဘာ့အကြီးမားဆုံး အီးဗီဈေးကွက်ဖြစ်ပေမဲ့ Evergrande ဝင်ကစားတဲ့ ကွင်းက Tesla လို နိုင်ငံတကာ ကစားသမားတွေက BYD, Nio, Xpeng , Li Auto တို့လို အိမ်ရှင် ပြည်တွင်းဖြစ် နာမည်ရ brands များ ပြိုင်ဆိုင်နေကြတဲ့ ကစားကွင်း ဖြစ်ပါတယ်။

NIO, Xpeng Motors, Li Auto, Tesla တို့က ကားတစ်စီး ရောင်းဈေး ယွမ် ၃၀၀,၀၀၀ ပတ်လည် အတန်းအစားမှာ အကြိတ်အနယ် ပြိုင်နေကြတယ်။ 

 

all-electric compact sports-utility vehicle (SUV) ဖြစ်တဲ့ Hengchi 5 က ကားတစ်စီး ရောင်းဈေး ယွမ် ၂၀၀,၀၀၀ ဖြင့် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Suolei စီးပွားအကြံပေးလုပ်ငန်းမှ အကြီးတန်း မန်နေဂျာ Eric Han က "တကယ်လို့ Hengchi 5 ရောင်းကောင်းတယ်ဆိုရင် Evergrande က ကြွေးနွံပေါ်မှာ ဖော့ထားဖို့ လအတန်ကြာ ကြိုးစားရုန်းကန်နေခဲ့တာတွေအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လိမ့်မယ်" လို့ သုံးသပ်ပါတယ်။
အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) သုံး compact SUV တွေဖြစ်တဲ့ Audi Q3 နှင့် BMW X1 တို့ ဝယ်မယ့်အစား လျှပ်စစ်ကားစစ်စစ် စီးလိုသူတွေအတွက် Hengchi 5 က အံကိုက် ဖြစ်ပါတယ်။

Evergrande New Energy Vehicle Group က အများနှင့်သက်ဆိုင်သောကုမ္ပဏီဖြစ်ပြီး ဟောင်ကောင်မှာ အစုရှယ်ယာများ စတင်ရောင်းချခဲ့စဉ်မှာ ရှယ်ယာပိုင်ရှင်များရဲ့ ရင်းနှီးမြှုပ်နှံမှုက ဟောင်ကောင်ဒေါ်လာ ၃၀ ဘီလျံ (ကန်ဒေါ်လာ ၃.၈၅ ဘီလျံ) ရှိပါတယ်။

ရှန်ဟိုင်း၊ ကွမ်ကျို၊ တီယန်ကျင်း ၃ နေရာမှာ
အီးဗီတပ်ဆင်ရေး စက်ရုံ တစ်ရုံစီ ရှိတဲ့အနက် နှစ်ခုကို အအားထားပြီး  တီယန်ကျင်းမြို့ရှိ ကားစက်ရုံကိုသာ ပုံအောပြီး လုပ်ကိုင်လျက်ရှိပါတယ်။

 

၂၀၂၀ ဩဂုတ်လမှာ Evergrande က Hengchi မော်ဒယ် ၆ မျိုး ပွဲထုတ်ပြသခဲ့ပါတယ်။ Hengchi 5 က အရင်ဆုံး ဈေးကွက်ထဲ ရောက်လာတယ်။ ဖေဖော်ဝါရီလမှာ နောက်ထပ် မော်ဒယ် ၃ မျိုး ထပ်ထုတ်ဖို့ လျာထားပါတယ်။
ဒါပေမဲ့ ကုမ္ပဏီမှာ ဘဏ္ဍာရေး ကျပ်တည်းနေတဲ့အတွက် Hengchi 5 နဲ့  Hengchi 6 မော်ဒယ် ၂ မျိုးသာ ထုတ်လုပ်နိုင်လိမ့်မယ်လို့ တွက်ဆထားကြပါတယ်။

ကမ္ဘာ့အကြီးမားဆုံး မော်တော်ယဉ်ဈေးကွက်ကြီး ဖြစ်တဲ့ တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ ကားထုတ်လုပ်ရေးလုပ်ငန်း ၂၀၀ ဝန်းကျင် ရှိနေပါတယ်။ 
၂၀၂၁ မှာ စွမ်းအင်သစ် မော်တော်ယာဉ် new-energy vehicle(NEV) များ စီးရေ ၂.၉၉ သန်း ရောင်းချခဲ့ရပါတယ်။ လျှပ်စစ်ကားစစ်စစ်၊ ပလပ်ထိုး ဘက်ထရီ ဓာတ်ဆီ နှစ်မျိုးစပ်၊ လောင်စာဆဲလ် တို့ ရဲ့ ရောင်းအားက ၂၀၂၀ ထက် ၁၆၉% ပိုများခဲ့ပါတယ်။

 

 

Read 3242 times