နောက်ဆုံးပေါ် EV ကားမျိုးစုံနှင့် လျှပ်စစ်ဆိုင်ကယ်များ၊ ဆိုလာနှင့် လျှပ်စစ်ပစ္စည်းများကို လေ့လာ ဝယ်ယူနိုင်မည့် Mandalay Green Energy Fair 2023 ကို လာမည့် ဇွန်လ (၁၀) ရက်နှင့် (၁၁) ရက်၊ နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ မန္တလေးမြို့ရှိ Mandalay Convention Center (MCC) တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Mandalay Green Energy Fair စိမ်းလန်းစွမ်းအင်ကုန်စည်ပြပွဲကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) နှင့် EV Myanmar Group တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး အထက်မြန်မာပြည် သာမက မြန်မာနိုင်ငံတွင် ပထမဆုံး ပြသမည့် ပွဲတစ်ခု ဖြစ်သည်။
ပြပွဲတွင် MG, Honda ENS1,B YD, NETA စသည့် မြန်မာပြည်ရောက်ပြီးသား လျှပ်စစ်ကားအမျိုးအစားများအပြင် အသစ်ထပ်မံရောက်လာမည့် လျှပ်စစ်ကားများ၊ လျှပ်စစ်စွမ်းအင်သုံး ဆိုင်ကယ်များ၊ လျှပ်စစ်ယာဉ်အားသွင်းစက်များ၊ ဆိုလာစွမ်းအင်ဆိုင်ရာ ကုမ္ပဏီများ၊ အီလက်ထရောနစ် ကုမ္ပဏီများ စသဖြင့် အမျိုးအစားစုံ၊ တံဆိပ်အစုံအလင် မိတ်ဆက် ခင်းကျင်း ပြသ ရောင်းချသွားမည် ဖြစ်သည်။
ပြပွဲသို့ လာရောက် လေ့လာသူများအတွက်...
Click Here > Htun Tauk
ပြပွဲလာသူများအနေဖြင့် လျှပ်စစ်မော်တော်ယာဉ်များ အကြောင်း၊ လျှပ်စစ်ယာဉ်အားသွင်းစက်များအကြောင်း စသည်တို့ကို တစ်နေရာတည်းတွင် လေ့လာနိုင်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။
အဓိကအားဖြင့် ကမ္ဘာကြီးပူနွေးမှုကို လျော့ချမှု တစ်စိတ်တစ်ပိုင်း ဖြစ်စေရန်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း သဘာဝစွမ်းအင် အသုံးပြုပြီး မိမိတို့၏ စက်ရုံ၊အလုပ်ရုံများ အခက်အခဲမရှိ (၂၄) နာရီ လည်ပတ်နိုင်စေရန်၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲ အမှားအယွင်းမရှိ တစ်နေရာတည်း အဆင်ပြေစွာ ဝယ်ယူနိုင်ကြစေရန်၊ ဆိုလာနှင့် ပတ်သက်၍ အသုံးပြုမှု နည်းပညာ၊ ဗဟုသုတများ ကြွယ်ဝနိုင်စေရန် ဖြစ်သည်ဟု ဆိုသည်။
ပါဝင် ပြသရန် စိတ်ပါဝင်စားသူများအနေဖြင့်လည်း MRCCI Facebook Page နှင့် EV Myanmar Group တို့တွင် မေးမြန်း စုံစမ်းနိုင်ပြီး (၈) ပေ ပတ်လည် ပြခန်းတစ်ခန်းလျှင် (၄) သိန်းကျပ်နှုန်း သတ်မှတ်ထားသော်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူများကိုမူ အခမဲ့ ပြသခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။