၂၀၃၀ပြည့်နှစ်  ရောင်းမည့်ကားအသစ် ထက်ဝက် EV ဖြစ်ရမည်ဟု  ဘိုင်ဒန်ကြေညာ       


၂၀၃၀ပြည့်နှစ်တွင် အမေရိကန်၌ ရောင်းချမည့် မော်တော်ကားအသစ် ထက်ဝက်မှာ လျှပ်စစ်ကားများဖြစ်ရမည်ဟု  ဘိုင်ဒန်က ကြေညာလိုက်ပါတယ်။

၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ရောင်းချမည့် မော်တော်ကားအသစ် အရေအတွက် ထက်ဝက်မှာ  ကာဘွန်ထုတ်လွှတ်မှု လုံးဝမရှိသော ကားများဖြစ်စေရန် ညွှန်ကြားသည့် အမိန့်အား အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဩဂုတ် ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

 “အမေရိကန်ဟာ သန့်စင်ပြီး စွမ်းရည်မြင့်မားတဲ့ မော်တော်ကားတွေနဲ့ ကုန်တင်ကားတွေ အသုံးပြုမှုမှာ ကမ္ဘာ့ဦးဆောင်သူဖြစ်ရမယ်။ 
 
၂၀၃၀ ပြည့်နှစ်မှာ အမေရိကန်ပြည်တွင်းဈေးကွက်မှာ ရောင်းချမယ့် ခရီးသည်တင်ကားအသစ်တွေနဲ့ လိုက်ထရပ်ကားသစ်တွေ အားလုံးရဲ့ အရေအတွက် ၅၀ရာခိုင်နှုန်းဟာ ဘက်ထရီလျှပ်စစ်ကားတွေ ၊ စွမ်းအင်နှစ်မျိုးသုံး ဟိုက်ဘရစ်လျှပ်စစ်ကားတွေ (ဒါမှမဟုတ်) လောင်စာဆဲလ်လျှပ်စစ်ကားတွေအပါအဝင် ကာဘွန်ထုတ်လွှတ်မှုလုံးဝမရှိတဲ့ ကားတွေဖြစ်ဖို့ ရည်မှန်းချက်ကို  အထောက်အကူပြုစေမယ့်အမိန့်ကို  သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်”
Ford၊ General Motors နှင့် Stellantis အပါအဝင် မော်တော်ယာဉ်ကုမ္ပဏီများမှ အမှုဆောင်များ အပြင် ဥပဒေပြုအမတ်များနှင့်အမေရိကန်မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းအလုပ်သမားများ သမဂ္ဂ အဖွဲ့ဝင်များသည် သြဂုတ် ၅ ရက် မွန်းလွဲပိုင်းက အိမ်ဖြူတော်၌ ဘိုင်ဒန်နှင့် အတူပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော Tesla Inc မှ အမှုဆောင်အရာရှိချုပ် Elon Musk က၎င်းတို့ကုမ္ပဏီ အနေဖြင့် ဖိတ်ကြားခြင်းမခံရသည်မှာ ထူးဆန်းကြောင်း သြဂုတ် ၅ ရက် အစောပိုင်းတွင် ၎င်း၏ တွစ်တာအကောင့်၌ ရေးသားခဲ့သည်။

Tesla ၏အလုပ်သမားများသည် မော်တော်ယာဉ ်ထုတ်လုပ်မှုလုပ်ငန်း အလုပ်သမားများသမဂ္ဂ၏ အဖွဲ့ဝင်မဟုတ်သဖြင့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ခွင့်မရရှိခဲ့ခြင်းလားဟူ၍ မေးမြန်းချက်အပေါ် အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းရေးမှူး Jen Pesaki က “ခင် ဗျားတို့စိတ်ကြိုက် ကိုယ်ပိုင်ကောက်ချက် ချနိုင်ပါတယ်’’ ဟု သတင်းစာရှင်းပွဲ ၌ပြောခဲ့သည်။ 
(Xinhua)
 

Read 405 times