ထိုင်း EV ဈေးကွက်ထဲ ချဲ့ထွင်နေရာယူမယ့် EA


ထိုင်း EV ဈေးကွက်ထဲ ချဲ့ထွင်နေရာယူမယ့် EA

ထိုင်းနိုင်ငံမှ ပြန်ပြည့်မြဲစွမ်းအင်လုပ်ငန်းကြီး Energy Absolute (EA)က လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) တွေအတွက် တစ်နေရာတည်းမှာ အကုန်ရနိုင်မယ့် one-stop shop ဖြစ်လာဖို့ ဦးတည်ချက် ထားရှိပါတယ်။
ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်ပေးခြင်း၊ ကားဘက်ထရီ အားသွင်းခြင်း၊ ဘက်ထရီ ထုတ်လုပ်ရောင်းချခြင်း၊ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်း အစရှိတာတွေကို လုပ်ကိုင်မှာ ဖြစ်ပါတယ်။ 

 Energy Absolute က ထိုင်းနိုင်ငံမှာ အကြီးမားဆုံး ပြန်ပြည့်မြဲစွမ်းအင် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင် သိုလှောင်ဖို့ ဘက်ထရီများ ထုတ်လုပ်ခြင်း၊ အီးဗီ ထုတ်လုပ်ခြင်းတို့ကို ချဲ့ထွင်လုပ်ကိုင်ခြင်းတို့ဖြင့် အီးဗီဈေးကွက်မှာ ပိုကြ္းမားတဲ့ဝေစုကို ဖမ်းဆုပ်ထားနိုင်မယ့် မဟာဗျူဟာကို ခင်းကျင်းပါတယ်။

ယခင်က ငွေချေးသက်သေခံလက်မှတ် အရောင်းအဝယ် လုပ်ခဲ့သူ Somphote က EA ကို ၂၀၀၆ ခုနှစ်မှာ  ဇီဝလောင်စာလုပ်ငန်းကို ဝယ်ယူပြီး ထူထောင်ခဲ့ပါတယ်။ ယခုအခါ နေရောင်ခြည် စွမ်းအင်နဲ့ လေအားလျှပ်စစ်တို့ကို ၆၆၀,၀၀၀ ကီလိုဝပ် ထုတ်လုပ်နေတဲ့ ကုမ္ပဏီ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ပြန်ပြည့်မြဲစွမ်းအင်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။ 
ဘန်ကောက်စတော့အိပ်ချိန်းမှာ တန်ဖိုးအများဆုံး ထိပ်တန်းကုမ္ပဏီ ၁၅ ခုမှာ EA ပါဝင်ပါတယ်။ ကုမ္ပဏီ ရှယ်ယာများရဲ့ ဈေးကွက်တန်ဖိုး စုစုပေါင်း ဘတ် ၃၀၀ ဘီလျံ ဝန်းကျင် ရှိပါတယ်။
ဒါပေမဲ့ မသေချာမရေရာတဲ့ အ‌ခြေအနေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

EA ရဲ့ ဝင်ငွေ ဘတ် ၁၇ ဘီလျံမှာ ၄၀% က အစိုးရ အထောက်အပံ့တွေနဲ့ မကင်းတဲ့ ဝင်ငွေဖြစ်ပါတယ်။ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးစေရေးအတွက် ရရှိနေတဲ့ အထောက်အပံ့ဖြစ်ပြီး ပြန်ပြည့်မြဲစွမ်းအင် လျှပ်စစ်ဓာတ်အားစက်ရုံ စတင်လည်ပတ်ပြီး ၁၀ နှစ်သက်တမ်းအတွက်သာ အထောက်အပံ့ကို ရယူခံစားခွင့် ရှိပါတယ်။ အထောက်အပံ့ အစီအစဉ်ကို အသစ်တည်ဆောက်တဲ့ ပြန်ပြည့်မြဲစွမ်းအင် ဓာတ်အားစက်ရုံ စီမံကိန်းအသစ်တွေအတွက် မပေးတော့ပါဘူး။ အစိုးရအထောက်အပံ့မရရင် အမြတ်ငွေလျော့နည်းတော့မှာ ဖြစ်လို့ ကုမ္ပဏီရဲ့ အနာဂတ်အတွက် EV ဈေးကွက်ထဲ နေရာယူမှာ ဖြစ်ပါတယ်။ 
 
Energy Absolute က ဒီဇင်ဘာလ ၁၂ ရက်မှာ ဘတ် ၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၇၈ သန်း) ရင်းနှီးမြှုပ်နှံထားတဲ့ လစ်သီယမ်အိုင်းယွန်း lithium-ion ဘက်ထရီစက်ရုံကို ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ချာချွန်ဆောင် Chachoengsao ပြည်နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။  ချာချွန်ဆောင် ပြည်နယ်မှာ ကားထုတ်လုပ်ရေးစက်ရုံတွေ ရှိတာကြောင့် ဘက်ထရီစက်ရုံကို ချာချွန်ဆောင်မှာ လုပ်ကိုင်တာ ဖြစ်ပါတယ်။ တစ်နှစ် ဘက်ထရီထုတ်လုပ်မှု ပမာဏ ၁ ဂီဂါဝပ်-နာရီ gigawatt-hour (GWh)ရှိပါတယ်။ အခုလို စက်ရုံမျိုးကို အရှေ့တောင်အာရှမှာ ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

EA ရဲ့ စီးအီးအို Somphote Ahunai က စက်ရုံဖွင့်ပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာမှာ " ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ မော်တော်ယာဉ်သုံး ဘက်ထရီအတွက် ဖြည့်သွင်းကွင်းဆက်ကို ထူထောင်ပါမယ်။ ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ အီးဗီ ထုတ်လုပ်မှုရဲ့ အချက်အချာ ဗဟိုချက် ဖြစ်လာအောင် လုပ်ဆောင်မယ်" လို့ ပြောကြားပါတယ်။ 

ကုမ္ပဏီက ကားထဲမှာ သုံးတဲ့ ဘက်ထရီများ ထုတ်လုပ်ပေးခြင်းအပြင် ကားဘက်ထရီ အားသွင်းတဲ့ စတေရှင်တွေမှာ အားသိုလှောင်ဖို့ ဘက်ထရီတွေကိုလည်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီဘက်ထရီတွေကို ပြန်ပြည့်မြဲစွမ်းအင်ဖြင့် အားသွင်းဖို့ကိုလည်း ဝန်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။ လက်ရှိ ပြန်ပြည့်မြဲစွမ်းအင် လုပ်ကိုင်နေတာကို မော်တော်ယာဉ်များအတွက် ချဲ့ထွင် လုပ်ကိုင်ခြင်းဖြင့် အီးဗီဈေးကွက်မှာ ဝေစု ရယူမှာ ဖြစ်ပါတယ်။

ဖွင့်လှစ်လိုက်တဲ့ ဘက်ထရီစက်ရုံကို တိုင်ဝမ်ကုမ္ပဏီ Amita Technologies က လုပ်ကိုင်မှာ ဖြစ်ပါတယ်။ Energy Absolute က ၂၀၁၇ ခုနှစ်ကတည်းက Amita Technologies ကို ဝယ်ယူခဲ့ပါတယ်။ Energy Absolute က ပိုင်ဆိုင်တဲ့ Amita Technologies က ဘက်ထရီ ထုတ်လုပ်မှုကို လုပ်ကိုင်နေတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ Amita မှာ ဘက်ထရီ အမြန်အားသွင်းခြင်း နည်းပညာနဲ့ ဘက်ထရီတာရှည်ခံအောင် လုပ်ကိုင်တဲ့ နည်းပညာ ရှိပါတယ်။ တိုင်ဝမ်မှ Industrial Technology Research Institute နဲ့အတူ ပူးပေါင်းပြီး ဘက်ထရီ အရည်အသွေး ဖွံ့ဖြိုးရေးကိုလည်း လုပ်ကိုင်နေပါတယ်။

စက်ရုံရဲ့ ထုတ်လုပ်နိုင်စွမ်းကို တစ်နှစ်လျှင် 4 GWh အထိ တိုးမြှင့် ထုတ်လုပ်နိုင်အောင်လည်း စီစဉ်ထားပါတယ်။ EA က နောင်တစ်ချိန်မှာ တစ်နှစ်လျှင် 50 GWh အထိ တိုးချဲ့ထုတ်လုပ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။ ကမ္ဘာအကြီးမားဆုံး ဘက်ထရီစက်ရုံတစ်ခု အဖြစ်သို့ ရောက်ရှိမှာ ဖြစ်ပါတယ်။

EA က လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ဆဲ ဖြစ်ပါတယ်။  တစ်နှစ်လျှင် မော်တော်ယာဉ်စီးရေ ၈,၀၀၀ ဝန်းကျင် ထုတ်လုပ်နိုင်တဲ့ စက်ရုံ ဖြစ်ပါတယ်။ တရုတ်ပြည်မှ ဘတ်စ်ကားထုတ်လုပ်သူထံမှ အစိတ်အပိုင်းတွေ မှာယူပြီး တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပြီး လျှပ်စစ်ဘတ်စ်ကားအတွက် ဘက်ထရီကို EA ရဲ့ ဘက်ထရီတွေ သုံးစွဲမှာ ဖြစ်ပါတယ်။ ထိုင်းမှ ဘတ်စ်ကားပြေးဆွဲတဲ့ လုပ်ငန်းတစ်ခုထံမှာ စီးရေ ၅၀၀ အမှာစာ ရထားပါတယ်။ နောက်နှစ်မှာ ထုတ်လုပ်ပြီး ဝယ်လက်ထဲ အပ်နှံမှာ ဖြစ်ပါတယ်။

EA က လုပ်ငန်းသုံး မော်တော်ယာဉ် အမျိုးအစား ဖြစ်တဲ့ ဘတ်စ်ကားနဲ့ ထရပ်ကားတွေကို ထုတ်လုပ်ဖို့ စူးစိုက်ထားပါတယ်။ 

"ထိုင်းမှာ လုပ်ငန်းသုံးအီးဗီတွေကို အထူးတလည် လုပ်ကိုင်တဲ့ ကုမ္ပဏီ နည်းပါတယ်။ ဒီတော့ ဈေးကွက်ဝေစု ရယူဖို့ လွယ်ကူတယ်" လို့ Somphote က ပြောကြားပါတယ်။
ဒါပေမဲ့ အိမ်စီးအီးဗီကားတွေ ထုတ်လုပ်ဖို့ ရည်ရွယ်ချက် ထားရှိပါတယ်။ အိမ်စီးအီးဗီကား ထုတ်လုပ်တဲ့လုပ်ငန်းတွေအတွက် ဘက်ထရီတွေ ထုတ်လုပ်ရောင်းချဖို့ကိုလည်း မျှော်မှန်းထားပါတယ်။

EA က EV အတွက် အခြေခံအဆောက်အအုံကိုလည်း တည်ဆောက်နေပါတယ်။ လျှပ်စစ်ကားတွေအတွက် ဘက်ထရီအားသွင်းရုံ ၄၃၀ တည်ဆောက်ထားပါတယ်။ ထိုင်းနိုင်ငံမှာ ဆောက်လုပ်ပြီးစီးတဲ့ အားသွင်းရုံ စုစုပေါင်းရဲ့ ၇၀% က EA ရဲ့ အားသွင်းရုံတွေ ဖြစ်ပါတယ်။ ထိုင်းအစိုးရက လာမယ့်နှစ် ၂၀၂၂ မှာ အားသွင်းရုံ ၁,၀၀၀ ထားရှိဖို့ လျာထားပါတယ်။

Read 366 times