ဂျပန်အစိုးရက EV နှင့် ချပ်စ်ထုတ်လုပ်သူများအတွက် (၁၀) နှစ် အခွန်ကင်းလွတ်ခွင့်ပြုမည်


လျှပ်စစ်ယာဉ်အပါအဝင် ကဏ္ဍ (၅) ခုတွင် အမြောက်အများ ထုတ်လုပ်မှုကို တွန်းအားပေးနိုင်ရန် ရည်ရွယ်၍ ဂျပန်အစိုးရအနေဖြင့် (၁၀) နှစ် အခွန်ကင်းလွတ်ခွင့်ပြုသွားရန် စီစဉ်လျက် ရှိကြောင်း Nikkei Asia သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

အဆိုပါသတင်းတွင် အာဏာရလစ်ဘရယ် ဒီမိုကရက်တစ် ပါတီအနေဖြင့် ယခုအပတ်အတွင်း အပြီးထုတ်ပြန်မည့် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအမံများတွင် ယင်းအစီအစဉ်ကို ထည့်သွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

 

ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွက် မဟာဗျူဟာကျသည့် ကဏ္ဍများတွင် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပြီး ထုတ်လုပ်မှုနှင့် ရောင်းအားအပေါ် မူတည်၍ အခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဟု သိရသည်။ 

ရေရှည်တည်တံ့သည့် လေယာဉ်ဆီထုတ်လုပ်မှုကဏ္ဍ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြု၍ သံမဏိ ထုတ်လုပ်သည့်ကဏ္ဍ (Green Steel) နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းနှင့် အပင်များကို အသုံးပြု၍ ဓာတုပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများ (Green Chemicals) ကိုလည်း အခွန် ကင်းလွတ်ခွင့်ပြုသွားမည်ဟု ဆိုသည်။

 

တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများအား နှစ်စဉ် ပေးဆောင်ရသည့် ဝင်ငွေခွန်မှ (၂၀) ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ပြီး၊ အခြားသော ကဏ္ဍများအား (၄၀) ရာခိုင်နှုန်းအထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

 

ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုသည့် ကာလတွင် အရှုံးပေါ်သဖြင့် ကင်းလွတ်ခွင့်ဆိုင်ရာ အခွင့်အရေးများ မရရှိပါက အသုံးမပြုဖြစ်သည့် ပမာဏအား လာမည့်နှစ်တွင် အသုံးပြုနိုင်မည် ဖြစ်ကာ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများအတွက် (၃) နှစ်အထိ အခွန်ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ပြီး အခြားသောလုပ်ငန်းများအတွက် (၄) နှစ်အထိ ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်သည်။

 

လျှပ်စစ်ယာဉ်တစ်စီးလျှင် ယန်း (၄၀၀,၀၀၀)၊ ရေရှည်တည်တံ့သည့် လေယာဉ်ဆီ ထုတ်လုပ်မှုအတွက် တစ်လီတာလျှင် (၃၀) ယန်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြု၍ သံမဏိထုတ်လုပ်မှုအတွက် တစ်တန်လျှင် ယန်း (၂၀,၀၀၀) အခွန်ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

Advertisement

Click Here > First National Insurance


 

စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ် (Business Plan) တင်ပြပြီး အစိုးရက အတည်ပြုပြီးသည်နှင့် အဆိုပါအစီအစဉ်အရ (၁၀) နှစ်ခံစားခွင့် ရှိမည် ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၆ ဘဏ္ဍာနှစ်ကုန်တွင် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို နောက်ဆုံးထား တင်ပြရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

 

ထို့အတူ အစိုးရအနေဖြင့် နိုင်ငံအတွင်း သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆွဲဆောင်နိုင်ရန်အတွက် အဆိုပါ လုပ်ငန်းဆောင်ရွက်မည့် သူများအား အခွန်ကင်းလွတ်ခွင့်ပြုမည့် “Innovation Box” အစီအစဉ်လည်း ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

စာပေနှင့် အနုပညာမူပိုင်ခွင့်နှင့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လွှဲပြောင်းမှုများနှင့် ခွင့်ပြုမိန့်ပေးခြင်း ကဲ့သို့သော ကိစ္စရပ်များမှ ဝင်ငွေများ ရရှိမည်ဆိုပါက အဆိုပါရငွေ၏ (၃၀) ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည့် ဝင်ငွေမှ ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်သည်။ 

 

ထိုသို့သော အခွင့်အရေးများကို ၂၀၂၄ ခုနှစ် ဧပြီလမှ စတင်၍ ရရှိမည့် စာပေနှင့် အနုပညာမူပိုင်ခွင့်နှင့် တီထွင်မှု မူပိုင်ခွင့်များတွင် သုံးစွဲနိုင်မည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလမှစ၍ (၇) နှစ်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဟု ဖော်ပြချက်အရ သိရှိရသည်။

 

ဂျပန်အစိုးရအနေဖြင့် လုပ်ငန်းအရွယ်အစားအပေါ် မူတည်၍ အခွန်ကောက်ခံသည့် ဒေသအလိုက် အခွန်ကောက်ခံသည့် စနစ်အား ပြင်ဆင်နိုင်မည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက် ရှိကြောင်းနှင့် အဆိုပါပြင်ဆင်မှုကြောင့် လုပ်ငန်းရှင်များအနေဖြင့် အခွန်ပမာဏ ပေးဆောင်ရမှု လျော့နည်းစေရန်အတွက် အရင်းအနှီး ထည့်ဝင်မှု ပမာဏကို လျှော့ချတင်ပြမှုများမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

အသေးစားလုပ်ငန်းများအနေဖြင့် လုပ်ငန်းများ ပိတ်သိမ်းခြင်းအစား ၎င်းတို့၏ မျိုးဆက်သစ်များကို လုပ်ငန်းလွှဲပြောင်းပေးနိုင်ရေး တွန်းအားပေးနိုင်ရန် ရည်ရွယ်၍ အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့် ကာလကိုလည်း မူလက ၂၀၂၄ ခုနှစ်၊ မတ်လအကုန် အထိသာ ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ ၂၀၂၆ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးမြှင့်ပေးရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

Source : Nikkei Asia

 

Read 614 times